သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ် (Warehouse Receipt Financing System) အကောင်အထည်ဖော်ဆောင်ရွက်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

Fri, 06/30/2023 - 10:58 -- mocadmin

နေပြည်တော်၊ ဇွန် ၃၀

   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း၍ သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ် (Warehouse Receipt Financing System) အကောင်အထည်ဖော်ဆောင်ရွက်ရေး အလုပ်ရုံ ဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နေပြည်‌တော်၌ ကျင်းပပြုလုပ် ခဲ့ပါသည်။

   ဖွင့်ပွဲအခမ်းအနားတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးညွန့်အောင်က အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် သိုလှောင်ရုံကုန် အပ်လက်မှတ်ကိုအခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ် အကောင် အထည်ဖော်ဆောင်ရွက်ရေး အလုပ်ရုံဆွေး‌နွေးပွဲသည် မြန်မာ့ဆန်စပါးညီလာခံ ၂၀၂၂ တွင် ဆန်စပါးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက် လာစေရေးနှင့် တောင်သူများအတွက် သီးနှံအာမခံစနစ်ကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ သိုလှောင်မှုဆိုင်ရာ အခြေခံအဆောက်အအုံများ ပြည့်စုံလုံလောက်မှုရှိပြီး အရည်အသွေးပြည့်မီသော ထုတ်ကုန်များ တိုးတက်ထုတ်လုပ်ခြင်းဖြင့် လယ်ယာစီးပွားလုပ်ငန်းများ ပိုမိုထွန်းကားလာကာ လုပ်ကွက်ငယ်တောင်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး နှင့် ရိတ်သိမ်းချိန်လွန် ဆုံးရှုံးမှုကို လျှော့ချနိုင်စေရေး ရည်ရွယ်ကျင်းပရခြင်းဖြစ်ပါကြောင်း၊ သိုလှောင်ရုံကုန်အပ်လက်မှတ်ကိုအခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ်သည် တောင်သူများအတွက် သိုလှောင်ရုံများတွင် သီးနှံကို အပေါင်စနစ်အဖြစ် အပ်နှံပြီးရရှိလာ သည့် ကုန်အပ်လက်မှတ်ကို အသုံးပြု၍ ဘဏ်များတွင် ချေးငွေရယူနိုင်မည့်စနစ်ဖြစ်ပါကြောင်း၊ အဆိုပါစနစ်တွင် တောင်သူများသည် သီးနှံပိုင်ရှင်ကုန်အပ်သူ၊ ကျေးလက်ဒေသရှိ သိုလှောင်ရုံပိုင်ရှင်များသည် သိုလှောင်ရုံကုန်အပ်လက်မှတ်ထုတ်ပေးသူ၊ အစိုးရနှင့် ပုဂ္ဂလိကဘဏ်များသည်  သိုလှောင်ရုံကုန်အပ်လက်မှတ်အပေါ် အခြေခံ၍ ချေးငွေထုတ်ပေးသူ၊ အစိုးရဌာနအဖွဲ့အစည်းများသည် မူဝါဒ၊ လုပ်ထုံးလုပ်နည်းနှင့် စည်းမျဉ်းစည်းကမ်းချမှတ်သူများအနေဖြင့် ပါဝင်ကြရမည်ဖြစ်ပါကြောင်း၊ အဆိုပါစနစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းအားဖြင့် တောင်သူလယ်သမားများ သီးနှံပေါ်ချိန် တွင် စပါးပေါက်ဈေးကျဆင်းနေမှုကြောင့် ထိုက်သင့်သည့် အကျိုးအမြတ်ရရှိမှု လျော့နည်းလာခြင်းကို ကာကွယ်တားဆီးနိုင်ပြီး နစ်နာဆုံးရှုံးမှုများကို ကုစားဖြေရှင်းနိုင်မည်ဖြစ်သည့်အပြင် ဆန်စပါးဈေးနှုန်း တည်ငြိမ်ရေးကိုလည်း အထောက်အကူပြုစေမည် ဖြစ်ပါကြောင်း၊ နိုင်ငံ၏သိုလှောင်ရုံစနစ် ဖွံဖြိုးတိုးတက်လာမည်ဖြစ်သည့်အပြင် အရည်အသွေးပြည့်မီသည့်သီးနှံများကို တင်ပို့ရောင်းချနိုင်မည်ဖြစ်သည့်အတွက် ပို့ကုန်ဝင်ငွေတိုးမြှင့်ကာ နိုင်ငံ့စီးပွား ပိုမိုတိုးတက်လာမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ်ကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အစိုးရ-ပုဂ္ဂလိက နှစ်ဦးနှစ်ဖက် ပူးပေါင်း၍ ဟန်ချက်ညီညီ ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ ထို့အပြင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ဆန်စပါးဥပဒေကို ရေးဆွဲပြုစုလျက်ရှိပြီး မကြာမီ ပြဋ္ဌာန်းသွားမည်ဖြစ်ပါကြောင်း၊ အဆိုပါဥပဒေတွင် ရိတ်သိမ်းချိန်လွန်နောက်ပိုင်း ကိုင်တွယ်ထိန်းသိမ်းမှုများအတွက် အဓိက ကျသည့် လုပ်ငန်းစဉ်များအား စနစ်တကျထိန်းကျောင်းကြပ်မတ်နိုင်စေရေး ထည့်သွင်းရေးဆွဲထားပါကြောင်း ပြောကြားခဲ့သည်။

   အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို သက်ဆိုင်ရာဌာန၊ အသင်းအဖွဲ့များမှ Presentation ရှင်းလင်းဆွေးနွေးခြင်းနှင့် စကားဝိုင်းဆွေးနွေးခြင်းများဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများက သိုလှောင်ရုံ ကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုအပ်သည့် မူဝါဒများနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အသေးစိတ်ဆွေးနွေးဖော်ထုတ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

   အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်နှင့် သက်ဆိုင်ရာဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌနှင့်တကွ သက်ဆိုင်ရာအသင်းအဖွဲ့ များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages