စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ပြည်တွင်းစားသုံးဆီတိုးမြှင့် ထုတ်လုပ်ရေးနှင့် စားသုံးဆီဖူလုံရေးကိစ္စများနှင့်စပ်လျဉ်းသည့် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်အမှာစကား ပြောကြား

Fri, 02/24/2023 - 16:25 -- mocadmin

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄  ပြည်တွင်းစားသုံးဆီတိုးမြှင့်ထုတ်လုပ်ရေးနှင့် စားသုံးဆီဖူလုံရေးကိစ္စများနှင့်စပ်လျဉ်းသည့် တွေ့ဆုံ ဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့၊ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရုံး၌ ကျင်းပပြုလုပ်ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။

          ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် ပြည်တွင်း၌ စားသုံးဆီ ဖူလုံမှုရှိစေရန် မူဝါဒချမှတ် အကောင်အထည်ဖော်လျက်ရှိကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်ကလည်း ဆီတင်သွင်းသည့် နိုင်ငံအဖြစ်မှ ဆီတင်ပို့သည့် နိုင်ငံအဖြစ်သို့ ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်ရေး လမ်းညွှန်ချက်ပေးထားပါကြောင်း၊ ပြည်တွင်းစားသုံးဆီ ဖူလုံရေးနှင့် ပြည်ပသို့ တင်ပို့နိုင်သည့် အခြေအနေသို့ ရောက်ရှိအောင် ဆောင်ရွက်ရာတွင် စိုက်ပျိုးထုတ်လုပ်သူ  တောင်သူများ၊ ကြိတ်ခွဲထုတ်လုပ်သည့် ဆီစက်လုပ်ငန်းရှင် များအပြင် ပြည်ပမှ ဆီတင်သွင်းဖြန့်ဖြူးသည့် လုပ်ငန်းရှင်များကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဆီတင်သွင်းသူလုပ်ငန်းရှင်အဖြစ်မှ ပြည်ပသို့ ဆီတင်ပို့သူလုပ်ငန်းရှင်အဖြစ်ရောက်ရှိရေး စတင်ပြင်ဆင်ရမည့် အချိန်ဖြစ်ပါကြောင်း၊ နေကြာအပါအဝင် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရန်၊ ဆီစက်လုပ်ငန်းများ တိုးတက်၍  အခွင့်အလမ်းကောင်း များရရှိနိုင်စေရန်နှင့် စားသုံးဆီထုတ်လုပ်မှုကဏ္ဍတစ်ရပ်လုံး မြင့်မားလာစေ‌ရေးအတွက် အသင်းအဖွဲ့များက ဦးဆောင်၍ စီးပွား‌‌ရေး နယ်ပယ်အသီးသီးမှ လုပ်ငန်းရှင်များ ပါဝင်ဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းမှာကြားပါသည်။

          ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များ အသင်းချုပ်၏ ဥက္ကဌ၊ မြန်မာနိုင်ငံဆီလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံဆီစက်လုပ်ငန်းရှင်များအသင်းတို့မှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်မှုမြှင့်တင်နိုင်ရေး၊ ပြည်တွင်းစားသုံးဆီ ဖူလုံမှုရှိစေရေးနှင့် ဆီစက်များ အဆင့်မြင့်နိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းခဲ့သည်။

          ဆွေးနွေးပွဲမစတင်မီ ပြည်ထောင်စုဝန်ကြီးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဌ၊ ဒုဥက္ကဌနှင့် တာဝန်ရှိသူများနှင့် တွေ့ဆုံကာ နိုင်ငံတော်၏ စီးပွားရေးကဏ္ဍဖွံ့‌ဖြိုးတိုးတက်လာစေရန်အတွက် ပုဂ္ဂလိက ကဏ္ဍအား အသင်းချုပ်အနေဖြင့် အဓိကထားဦးဆောင်၍ ပူးပေါင်းဆောင်ရွက်ရန်၊ ကုန်သွယ်မှုမြင့်တင်ရေးဆိုင်ရာပူးပေါင်းရွက်ရေးနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း (MSME) များကို အားပေးမြှင့်တင်ဆောင်ရွက်ရေးနှင့် ကုန်သွယ်မှုလျင်မြန် ချောမွေ့ရေးကိစ္စများ ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages