နည်းပညာနှင့်တီထွင်ဆန်းသစ်မှုအထောက်အကူပြုစင်တာ(TISC)များ အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော်၊ ဇူလိုင် ၁၀
နည်းပညာနှင့်တီထွင်ဆန်းသစ်မှုအထောက်အကူပြုစင်တာ(TISC)များ အကောင်အထည် ဖော်ဆောင်ရွက်မှုနှင့်စပ်လျဉ်းသည့်ညှိနှိုင်းအစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ရုံးအမှတ် (၅၂)၊ အစည်းအဝေးခန်းမ၌ virtual စနစ်ဖြင့် ကျင်းပရာ မူပိုင်ခွင့်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနှင်းနွယ်အေးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။
အဆိုပါညှိနှိုင်းအစည်းအဝေးသို့ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ နည်းပညာနှင့်တီထွင်ဆန်းသစ်မှုအထောက် အကူပြုစင်တာ(TISC)များမှ ဦးဆောင်သူ ကိုယ်စားလှယ်များစုစုပေါင်း (၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် အမျိုးသားအဆင့်မူပိုင်ခွင့်ဆိုင်ရာမဟာဗျူဟာပါ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်နိုင်ရေးအတွက် နည်းပညာနှင့်တီထွင်ဆန်းသစ်မှုအထောက်အကူပြုစင်တာ(TISC)များ တည်ထောင်နိုင်ရန် မူပိုင် ခွင့်ဆိုင်ရာဗဟိုကော်မတီ (၁/၂၀၂၅) ကြိမ်မြောက်အစည်းအဝေး လမ်းညွှန်ချက်နှင့်အညီ တက္ကသိုလ်နှင့် သုတေသနဌာနများတွင် နည်းပညာနှင့် တီထွင်ဆန်းသစ်မှုအထောက်အကူပြု စင်တာ (TISC)တည်ထောင်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်းအခမ်းအနား ကျင်းပခဲ့ပြီး တက္ကသိုလ်၊ သုတေသနဌာန (၃၅)ခုနှင့် လက်မှတ်ရေးထိုးနိုင်ခဲ့ပါကြောင်း၊ အဆိုပါ တက္ကသိုလ်၊ သုတေသနဌာနများမှ TISC ဦးဆောင်သူများနှင့် အဖွဲ့ဝင်များနှင့်အတူ နားလည်မှုစာချွန်လွှာပါ လုပ်ငန်းများအကောင်အထည်ဖော်နိုင်ရေးကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယနေ့ အစည်းအဝေးတွင် နားလည်မှုစာချွန်လွှာအရ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့် သင်တန်းအစီအစဉ်များကို တင်ပြဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ TISC Center များ တည်ထောင်ခြင်းဖြင့် နည်းပညာဆိုင်ရာသတင်းအချက်အလက်များကို လွယ်ကူစွာရရှိနိုင်ပြီး တီထွင်ဖန်တီးမှု များတွင် အသုံးချနိုင်ခြင်းဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ဖြစ်စေခြင်း၊ နည်းပညာ ကဏ္ဍစီးပွားရေးလုပ်ငန်းများကိုလည်း ဖွံ့ဖြိုးတိုးတက်စေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မူပိုင်ခွင့်ဦးစီးဌာန၊ မူဝါဒနှင့်စီမံကိန်းဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာအေးသီရိဝေက TISC စင်တာများ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍လည်း ကောင်း၊ မူပိုင်ခွင့်ဦးစီးဌာန၊ ဥပဒေရေးရာနှင့်ကြားနာဖျန်ဖြေရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်တင်မျိုးမြင့်က TISC စင်တာများအတွက် ဆောင်ရွက်မည့် သင်တန်းအစီအစဉ်များနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် အစည်းအဝေးသို့ တက်ရောက် လာသော ဦးဆောင်သူကိုယ်စားလှယ်များက အကြံပြုဆွေးနွေးတင်ပြကြရာ ဒုတိယညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်ဆွေးနွေးခဲ့ပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
