တီထွင်မှုရှာဖွေခြင်း(Patent Searching) မြှင့်တင်ဆောင်ရွက်နိုင်ရေး အသိပညာပေး ဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊ မတ်လ ၃၀

          တီထွင်ဆန်းသစ်မှုနှင့် ဖန်တီးမှုများ မြင့်မားတိုးတက်လာစေရန်အတွက် တီထွင်မှုရှာဖွေခြင်း (Patent Searching) မြှင့်တင်ဆောင်ရွက်နိုင်ရေး အသိပညာပေးဆွေးနွေးပွဲကို ၂၀၂၆ခုနှစ်၊ မတ်လ ၃၀ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ် တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။

          အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ မူပိုင်ခွင့်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနများအောက်ရှိ နည်းပညာနှင့်တီထွင်ဆန်းသစ်မှုအထောက်အကူပြုစင်တာ Technology and Innovation Support Center-TISC များ၊ တက္ကသိုလ်၊ ကောလိပ်များမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ များနှင့် သုတေသနဌာနများမှ တာဝန်ရှိသူကိုယ်စားလှယ်များ စုစုပေါင်း( ၉၀ )ဦးခန့် တက်ရောက်ခဲ့ကြသည်။

          ဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ မြန်မာနိုင်ငံတွင် မူပိုင်ခွင့်ဥပဒေများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ တီထွင်မှုမူပိုင်ခွင့်ဥပဒေသည်  တီထွင်ဖန်တီးမှုများကို အကာအကွယ်ပေးရန်သာမက တီထွင်ဖန်တီးသူများ၏ အကျိုးစီးပွားနှင့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကိုလည်း တိုးတက်မြင့်မားစေနိုင်ပါကြောင်း၊ မူပိုင်ခွင့်ဆိုင်ရာမဟာဗျူဟာပါ လုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ တီထွင်ဆန်းသစ်မှုနှင့် ဖန်တီးမှုများ မြင့်မားတိုးတက်လာစေရေးနှင့်စပ်လျဉ်းသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် တက္ကသိုလ်၊ သုတေသန ဌာနများတွင် တီထွင်မှုရှာဖွေခြင်း (Patent Searching) မြှင့်တင်ဆောင်ရွက်နိုင်ရေး အသိပညာပေး ဆွေးနွေးပွဲများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့နှင့် ပူးပေါင်းကျင်းပရန်လျာထားဆောင်ရွက် လျက်ရှိပါ၍ ယခုလိုကျင်းပရခြင်းဖြစ်ပါကြောင်း၊ တီထွင်မှုရှာဖွေခြင်း (Patent Searching) နှင့်စပ်လျဉ်း သည့် တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ အချက်အလက်များအား ကမ္ဘာတစ်ဝှမ်းလုံးရှိ အခမဲ့ Database များ တွင် ဝင်ရောက်လေ့လာနိုင်ပြီး ရှိပြီးသား တီထွင်မှုများအား အဆင့်မြှင့်တင်တီထွင်ပါက အဆင့်မြှင့်တင်လိုက်သည့်အပိုင်းသည် မိမိ၏မူပိုင်ခွင့်ဖြစ်လာနိုင်ပါကြောင်း၊ တက်‌ရောက်သူကိုယ်စားလှယ်များအနေဖြင့် တီထွင်မှုရှာဖွေခြင်း (Patent Searching)ကို နားလည်သိရှိ၍ လက်တွေ့ အသုံးချနိုင်ခြင်းဖြင့် တီထွင်ဖန်တီးမှုအသစ်များ၊ နည်းပညာအသစ်များ များစွာပေါ်ထွန်းလာနိုင်မည့်အပြင် နည်းပညာအသစ်များကို အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ထံ နည်းပညာလွှဲပြောင်းပေးခြင်းဖြင့် စီးပွားရေးအကျိုးအမြတ်များစွာ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ တီထွင်မှုမူပိုင်ခွင့်စနစ်နှင့် တီထွင်မှုရှာဖွေခြင်းများမှ စက်မှု၊ လက်မှုလုပ်ငန်းအသစ်များ ဖွံ့ဖြိုး တိုးတက်လာမည့်အပြင် မူပိုင်ခွင့်စနစ်အတွက်သာမက နိုင်ငံ၏စီးပွားရေးတိုးတက်မှုအတွက် အထောက်အပံ့ဖြစ်လာမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ တီထွင်မှုမူပိုင်ခွင့်ရှာဖွေခြင်းနှင့်စပ်လျဉ်း၍ တီထွင်မှုမူပိုင်ခွင့်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်သိင်္ဂီဝင်းလွင်က ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ အဆိုပါအသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းခြင်းများအပေါ် တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြပါကြောင်း သတင်းရရှိပါသည်။