ရှမ်းကြက်သွန်ဖြူများ အထွက်နှုန်းလျော့ကျ၊ အဟောင်းလက်ကျန်များနေ

Thu, 05/17/2018 - 08:17 -- admin_ygn

ရှမ်းကြက်သွန်ဖြူအသစ်တွေကတော့ သြင်္ကန်မတိုင်မီ မှာ ဈေးကွက်ကို  စပြီးဝင်ရောက်ခဲ့ပါတယ်။  ဒီနှစ်မှာတော့ တောင်ကြီးခရိုင်က အထွက်နည်းပြီး  အောက်တိုဘာလမှာ စိုက်တဲ့ကြက်သွန် တွေက သိပ်ပြီးမကောင်းဘဲ   နိုဝင်ဘာလမှာ စိုက်တဲ့  ကြက်သွန်တွေသာ  ကောင်းတယ်လို့ သိရပါတယ်။ အထွက်နှုန်းကတော့   အရင်နှစ်တွေကလောက် မဖြစ်ဘူးလို့ လည်း ဆိုပါတယ်။

အဟောင်းလက်ကျန်တွေကလည်း ကျန်နေပြီး အများ ဆုံးကတော့ (ထူး-၃) နှင့်(ထူး-၄)စတာတွေ  ကျန်တယ်လို့ သိရပါတယ်။ ကြက်သွန်ဖြူ (သစ်)က ပေါ်ခါစမှာ တစ်ပိဿာ ကို (လတ်ခြား) ကျပ် ၅၀၀၊ (ထူး-၁) ကျပ် ၆၀၀၊ (ထူး-၂) ကျပ် ၉၀၀ နဲ့ (ထူး-၃)နဲ့ (ထူး-၄) က ကျပ်  ၁၀၀၀ ဈေးရှိပါတယ်။ ကြက်သွန်ဖြူဈေးကလည်း  တစ်နှစ်ကောင်းလိုက်၊  နောက် တစ်နှစ်ကျရင် ဈေးပျက်လိုက်နဲ့   ဖြစ်တာကြောင့် စိုက်တဲ့ တောင်သူတွေကလည်း ဈေးကောင်းတဲ့သီးနှံတွေကို ပြောင်း ပြီး စိုက်နေရတာကြောင့်  ဈေးကွက်မှာ ပစ္စည်းတွေက များ လိုက်^နည်းလိုက်ဖြစ်လာတယ်လို့ သိရပါတယ်။ ဈေးကွက် သဘောအရ ပစ္စည်းများနေရင် ဈေးကျပြီး  ပစ္စည်းနည်းရင် တော့ ဈေးတက်ပါတယ်။  ရှမ်းကြက်သွန်ဖြူတွေက  ယခင် နှစ်ကလည်း လက်ကျန်တွေကျန်ပြီး ဒီနှစ်မှာလည်း အထွက် မကောင်းဘူးဆိုပေမယ့် ထွက်လာတဲ့ အသစ်တွေနဲ့ပေါင်းရင်  ဈေးကွက်လက်ကျန်က   အတော်များနေတယ်လို့ သိရပါ တယ်။  ဒေသအစုံတွေကလည်း  ဝင်လာပြီဖြစ်တာကြောင့် ဈေးကလည်း ကျလာပါတယ်။ ဒီတစ်ပတ်  တောင်ကြီးဈေး ကွက်မှာ ကြက်သွန်ဖြူ တစ်ပိဿာပေါက်ဈေးက (လတ်ခြား)က ကျပ် ၄၅၀ ၊ (ထူး-၁)ကျပ် ၅၅၀ ၊ (ထူး-၂)ကျပ်၆၀၀ ၊ (ထူး-၃) ကျပ် ၇၅၀ ၊ (ထူး-၄)ကျပ် ၈၅၀ ဈေးရှိပါတယ်။ အောင်ပန်း ဈေးကွက်မှာတော့ (လတ်ခြား)ကျပ်၂၀၀ ၊ (ရှယ်)ကျပ် ၃၀၀၊ (ထူး-၁)ကျပ် ၅၀၀ ၊ (ထူး-၂)ကျပ် ၇၀၀၊ (ထူး -၃)ကျပ်  ၉၀၀နဲ့ (ထူး-၄)ကကျပ် ၁၂၀၀ဈေးရှိပါတယ်။    

 

ဧဧခိုင်၊ တောင်ကြီး

Local Trade News