ရွှေတောင်မြို့နယ်အတွင်းရှိ ကျေးရွာများ၌ ခဝဲသီးစိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိ

Mon, 07/01/2024 - 10:57 -- mocadmin

   ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကြို့ကုန်းအုပ်စု၊ ကြို့ကုန်းကျေးရွာ၌ ခဝဲသီးကို မိုးရာသီဖြစ်သော ဇွန်လ၊ ဇူလိုင်လနှင့် ဩဂုတ်လတို့တွင် စိုက်ပျိုးလျက်ရှိပြီး အချို့ဒေသများ၌ ဆောင်းရာသီနှင့် နွေရာသီများတွင် ရေသွင်းရေလောင်းစနစ်ဖြင့် စိုက်ပျိုးကြကြောင်း သိရသည်။

   ခဝဲသီးစိုက်ပျိုးရာတွင် ဝါးစင်ပြုလုပ်၍ စင်တင်စနစ်ဖြင့် စိုက်ပျိုးရပြီး ယခုနှစ်စိုက်ပျိုးရာတွင် ယခင်နှစ်က ပြုလုပ်ထားသည့် ဝါးစင်ဖြင့် ဆက်လက်စိုက်ပျိုးရသည့်အတွက် ကုန်ကျစရိတ်သက်သာ ကြောင်း၊ စိုက်ပျိုးမှုအတွက် မျိုးစေ့၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေ ကျပ် ၄၀၀,၀၀၀ ကျော် ကုန်ကျကြောင်း၊ ခဝဲသီးကို စိုက်ပျိုးပြီး နှစ်လအကြာတွင် ခူးဆွတ်ရောင်းချရ ပြီး နှစ်ရက်ခြားတစ်ကြိမ် ခူးဆွတ်ရကြောင်း၊ တစ်ကြိမ်ခူးဆွတ်လျှင် ခဝဲသီးအတောင့် ၁၀၀၀ ခန့် ရရှိပြီး ငါးလခန့်အထိ ခူးဆွတ်နိုင်ကြောင်း သိရသည်။

   ဈေးကွက်အနေဖြင့် ကုန်စိမ်းပွဲစားများမှ စိုက်ခင်းအထိ လာရောက်ဝယ်ယူ၍ ရွှေတောင်ဒေသ ဈေးကွက်အတွင်း ရောင်းချလျက်ရှိကြောင်း၊ ခဝဲသီး စတင်ထွက်ပေါ်ချိန်မှစ၍ ရောင်းရငွေ ငွေကျပ် ၁၄ သိန်းခန့်ရရှိပြီး အကျိုးအမြတ်အနေဖြင့်ငွေကျပ် ၁၀ သိန်းခန့် ရရှိကြောင်း၊ ခဝဲသီးအား ရာသီချိန် တွင် စိုက်ပျိုးရောင်းချခြင်းဖြင့် အကျိုးအမြတ် ပိုမိုရရှိသောကြောင့် နှစ်စဉ်စိုက်ပျိုးလျက်ရှိကြောင်း တောင်သူတစ်ဦးထံမှ သိရှိရသည်။

 DOCA(ပဲခူး)

Local Trade News

Pages