ဖျာပုံမြို့နယ်တွင် ငါးရှဉ့်အဝယ်လိုက်ပြီး အရောင်းအဝယ်သွက်နေ

Wed, 07/20/2016 - 07:47 -- admin_ygn

ဖျာပုံမြို့နယ် ငါးရှဉ့်အရောင်းအဝယ်ဒိုင်များမှာ ယခု ဇူလိုင်လဆန်း ပိုင်းအတွင်း ရန်ကုန်မြို့မှ ငါးရှဉ့်ဝယ်လက်များ အဝယ်လိုက်သဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း ငါးရှဉ့်ဈေးကွက်မှ သိရပါတယ်။''အခုတလော ငါးရှဉ့် အဝယ်လိုက် တယ်ဆိုတာ ငါးရှဉ့်တွေမှာနာတဲ့ ရောဂါဖြစ်နေလို့ပါ။ အထားမခံဘူး။ သေကုန်တာများတယ်။ သေကုန်တဲ့ ငါးရှဉ့်က ဈေးကွက်ကို ပို့လု့ိမရဘူး။  ဒါကြောင့် ရန်ကုန်ဈေးကွက်မှာအဝယ်နည်း လာပြီး နယ်ဖက်တွေမှာ အဝယ်လိုက်လာတဲ့ သဘောပါ။ ရန်ကုန်ဈေးကွက်က တရုတ်ပြည်ကို တိုက်ရိုက်တင်ပို့ကြပါတယ်။ ကျွန်တော်ကတော့ လှိုင်သာယာအဝယ်ဒိုင်ကိုပဲ ပို့ပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ မနှစ်ကတစ်ပိသာကို အရွယ်အစားအလိုက် ၃၈၀၀ကျပ်ကနေ ၄၀၀၀ကျပ်အထိရှိပြီး ယခုလက်ရှိပေါက်ဈေ းမှာ အရွယ်အစား မခွဲခြားဘဲ ဆိုဒ်စုံ ၄၂၀၀ကျပ်နဲ့ ဝယ်ပါတယ်''ဟု ကမ္ဘာသစ် ငါးရှဉ့်ရောင်းဝယ်ရေးမှ လုပ်ငန်းရှင်ဦးကျော်မိုးက ပြောပါတယ်။ဖျာပုံမြို့နယ်တွင် ငါး ရှဉ့်ရောင်း ဝယ်ရေး အဝယ်ဒိုင်ကြီး ခုနစ်ဒိုင်ရှိပြီး လက်ခွဲဒိုင် ရှစ်ဒိုင်ရှိပါတယ်။ ငါးရှဉ့် အဝယ်ဒိုင်တစ်ဒိုင်လျှင် နေ့စဉ် ပိသာ ချိန် ၂၀၀ခန့်တင်ပို့နိုင်ပြီး ဖျာပုံမြို့နယ်အနေဖြင့် နေ့စဉ်ပိသာချိန်၁၄၀၀ ခန့် တင်ပို့လျက်ရှိပါ တယ်။ ငါးလင် ဗန်းနဲ့ ငါးသန်လုံးများပါ ဝယ်ယူတင်ပို့ လျက် ရှိပါတယ်။ ငါးလင်ဗန်းနဲ့ ငါးသန်လုံးတို့မှာ ရေထရက်တွင်သာ ရရှိ ပြီး  တစ်ပတ်လျှင် နှစ်မျိုးပေါင်း ပိသာချိန် ၅၀ခန့်သာ တင်ပို့နိုင်ပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ ငါးလင်ဗန်း တစ်ပိသာလျှင် တစ်ဆယ့်ငါးကျပ် သားအထက် ၂၉၀၀၀ကျပ်၊ တစ်ဆယ့်ငါးကျပ်သားအောက် ၁၄၀၀၀ကျပ် ဈေးဖြစ်ပြီး ငါးသန်လုံး တစ်ပိသာလျှင်၃၀၀၀၀ကျပ်နှင့် တစ်ဆယ့်ငါး ကျပ် သားအောက် ၁၅၀၀၀ကျပ် ဈေး ဖြစ်ပါတယ်။ ငါးရှဉ့် လှိုင်လှိုင်တက် သော လများမှာ ဇွန်လမှ  သြဂုတ်လအထိဖြစ်ပြီး  လာရောက် ရောင်း ချကြသည့် ကျေးရွာများမှာ နယ်စုံကဖြစ်၍ ဖျာပုံမြို့နယ် မြောက်ပိုင်းရှိ ချောင်းတွင်း၊ သလိပ်ကလေး၊ သလိပ်ကြီး၊ ကျုံတာ၊ ရှမ်း ကွင်း ကျေးရွာ တို့ဖြစ်ပြီး၊ ဖျာပုံမြို့အနောက်ပိုင်းမှ အပြောင်၊ ကျုံကူ၊ အကြီးဝ၊ အကြီး၊ ကရင်စု၊ ဖျာပုံတမံ၊သဲအိမ်တမံ၊ ပုလဲ၊ မမိုး၊ နောင်တော်ကြီး၊ ဘန့်ဘွေးစုနှင့် ကိုးအိမ်တန်းကျေးရွာများမှ အများဆုံး လာရောက်ရောင်းချလျက် ရှိပါတယ်။ ကျေးရွာတစ်ရွာလျှင် ငါးရှဉ့်ထောင်သူ အနည်းဆုံး ခုနစ်ဦး အထက်တွင်ရှိကြောင်း သိရပါတယ်။
                                       
မင်းဇော်မွန် (ဖျာပုံ)