ပြည်ကြက်သွန်နီအဝင်များ၍ ပွဲရုံလက်ကားဈေးကျ

Fri, 07/08/2016 - 09:11 -- admin_ygn

ယခုဇွန်လနောက်ဆုံးပတ်တွင် ပြည်ပွဲရုံများသို့ ဆောင်းစိုက် ကြက်သွန်နီများ တစ်ရက်ခြား ပိဿာ ၃၀ ဝင်အိတ် ၆၅၀ ခန့်ဝင်ရောက်လာတဲ့အတွက် ဒီတစ် ပတ်မှာ သိသိသာသာ  ဝင်ရောက်လာကြောင်းသိရပါတယ်။ မကွေးတိုင်းဒေသကြီးအတွင်းရှိ    ကြက်သွန်နီစိုက်ပျိုးသူတောင်သူများ အနေနဲ့ မိုးစိုက်ကြက်သွန်နီများထွက်ရှိရန် နှစ်လခန့်သာလိုတော့တဲ့အတွက် လှောင် ကြက်သွန်နီများထုတ်၍ ရောင်းချလျက်ရှိနေပြီး  မုံရွာ၊ ပခုက္ကူ၊  ဆိပ်ဖြူ၊ အောင်လံ စသည့် နယ်စုံမှကြက်သွန်နီများ ဈေးကွက်သို့ အများအပြား ဝင်ရောက်လျက်ရှိတာ ကြောင့် ပွဲရုံလက်ကားဈေးအနည်းငယ် ကျဆင်းသွားကြောင်း တွေ့ရပါတယ်။အရောင်းအဝယ်အနေနဲ့ လက်ကားဈေး တစ်အိတ်လျှင် ကျပ် ၁၅၀၀ ခန့်ဈေး ကျတဲ့အတွက်အိတ်ဆွဲဝယ်ရောင်းသမားများ အဝယ်လိုက်နေကြောင်း သိရပါတယ်။ ပွဲရုံများမှာ တစ်ရက်လျှင် ပိဿာ ၃၀ ဝင်အိတ် ၄၀၀ ခန့်အရောင်းအဝယ်ဖြစ်ပြီး ယခင် တစ်ပတ် ထက် အနည်းငယ်  အရောင်းအဝယ်ပိုကြောင်း တွေ့ရပါတယ်။ ဈေးနှုန်း အနေနဲ့ လက်လီဈေးမှာ ပုံမှန်ဖြစ်ပြီး တစ်ပိဿာလျှင် (ရှယ်သန့်) ကျပ် ၈၀၀၊ (ကြီး)ကျပ် ၇၅၀၊ (လတ်) ကျပ် ၇၀၀၊ (သေး) ကျပ် ၆၀၀ တို့နှင့် ရောင်းဝယ်လျက် ရှိ၍ လက်ကားဈေး အနည်းငယ်ကျဆင်းကာ  ပွဲရုံများ၌ တစ်ပိဿာလျှင် ကြီး^လတ် (ဂျွန်) ကျပ် ၅၅၀၊ (သေး) ကျပ် ၄၈၀တို့နှင့်ရောင်းဝယ်လျက်ရှိနေကြောင်း သိရပါ တယ်။
ဝင်းလဲ့ဝါ(ပြည်)