ခရမ်းသီးစိုက်တောင်သူများ စျေးကောင်းရ၍ လုပ်ငန်းအဆင်ပြေ

Wed, 06/19/2024 - 03:43 -- mocadmin

   ကျောက်ဆည်ခရိုင်၌ သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ကုန်စိမ်းသီးနှံတစ်မျိုးဖြစ်သော ခရမ်းသီး ကိုလည်း ရာသီမရွေး တစ်နှစ်ပတ်လုံး စိုက်ပျိုးလျက်ရှိ‌ကြောင်း၊ မျိုးအနေဖြင့် ခရမ်းသီးအလုံးသေး (မြှုပ်ခရမ်း) နှင့် အလုံးကြီးမျိုး (555) မျိုးတို့ကို အဓိက စိုက်ပျိုးကြကြောင်း သိရသည်။ ခရမ်းသီး စိုက်ပျိုးရာတွင် မျိုးစေ့ကို ပျိုးထောင်ပြီး  တစ်လခွဲသားအရွယ်၌ စိုက်ပျိုးရကြောင်း၊ နှစ်လခွဲ သုံးလ အချိန်တွင် အသီးများ စတင်ခူးဆွတ်နိုင်ပြီး ၄ ရက်ခြား တစ်ကြိမ် ခူးဆွတ်ရကြောင်း၊ စတင်ခူးဆွတ် သည့် အချိန်မှစ၍ တစ်ပတ်ထက်တစ်ပတ် အထွက်နှုန်း ပိုမိုထွက်ရှိလာကြောင်း၊ တစ်ဧက အထွက်နှုန်း အနေဖြင့် တစ်ပတ်လျှင် အလုံးသေး(မြှုပ်ခရမ်း)မှာ ပိဿာ ၃၀၀-၄၀၀ ခန့် ထွက်ရှိပြီး အလုံးကြီးမျိုး (555) မှာ ပိဿာ ၅၀၀-၆၀၀ ခန့်အထိ ထွက်ရှိကြောင်းနှင့် သက်တမ်း ၄-၅ လ အထိ ခူးဆွတ်နိုင်ကြောင်း သိရသည်။

   ခရမ်းသီး စိုက်ပျိုးကုန်ကျစရိတ် အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း ၈၀၀,၀၀၀ ကျပ်ခန့် ကုန်ကျကြောင်းနှင့် ကုန်စိမ်းပွဲစားများမှ စိုက်ခင်းထဲအထိ လာရောက် ဝယ်ယူ သည့်အတွက် သယ်ယူစရိတ်သက်သာကြောင်း၊ ခရမ်းသီးအလုံးသေး(မြှုပ်ခရမ်း)မှာ စားသုံးသူများ ပိုမိုနှစ်သက်၍ အရောင်းအဝယ်သွက်လျက်ရှိပြီး ယခုနှစ် ခရမ်းသီးစိုက်တောင်သူများ စျေးကောင်းရ၍ တွက်ချေကိုက်ကြောင်း ခရမ်းစိုက်ပျိုးသူတောင်သူတစ်ဦးထံမှ သိရှိရသည်။

DOCA(မန္တလေး)

Local Trade News