ပြောင်းနှင့် ဟင်းသီးဟင်းရွက်ဆီ တင်သွင်းမှုများအပေါ် အကောက်ခွန်သက်သာခွင့်ပေးမည့် အိန္ဒိယ

Mon, 07/08/2024 - 06:21 -- wtodep

ပြည်တွင်း စားသောက်ကုန်ဈေးနှုန်းကြီးမြင့်မှုကို လျှော့ချနိုင်ရန် အိန္ဒိယက ပြောင်း၊ နေကြာဆီကြမ်း၊ ပန်းဂျုံစေ့ဆီနှင့်နို့မှုန့်တို့ကို အကောက်ခွန်နှုန်းကိုတာ (TRQ) စနစ်ဖြင့် တင်သွင်းခွင့်ပြုမည်ဖြစ်ရာ တင်သွင်းသူများအနေဖြင့် အခွန်နည်းပါးခြင်းသို့မဟုတ် အခွန်လုံးဝမပေးရခြင်းစသည့်အကျိုးရလဒ်များ ခံစားရမည်ဖြစ်သည်။ အစိုးရက နေကြာဆီ တန်ချိန် ၁၅၀,၀၀၀၊ ပြောင်း တန်ချိန် ၅၀၀,၀၀၀၊ နို့မှုန့်တန်ချိန် ၁၀,၀၀၀ နှင့်သန့်စင်ပြီး ပန်းဂျုံဆီတန်ချိန် ၁၅၀,၀၀၀ တို့ကို တင်သွင်းခွင့်ပြုခဲ့ပါသည်။

အိန္ဒိယသည် စားအုန်းဆီ၊ ပဲပုတ်စေ့ဆီနှင့် နေကြာဆီကဲ့သို့သော ဟင်းသီးဟင်းရွက်ဆီများကို ကမ္ဘာ့အများဆုံးတင်သွင်းသူဖြစ်ပြီး နို့ကိုမူထိပ်တန်းထုတ်လုပ်သူဖြစ်ပါသည်။ ရာသီဥတုဖောက်ပြန်မှုကြောင့် ကောက်ပဲသီးနှံများထိခိုက်ကာ ထောက်ပံ့ရေးကွင်းဆက် ပြတ်တောက်ပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှစ၍ စားနပ်ရိက္ခာလိုအပ်မှုသည် နှစ်စဉ် ၈ % တိုးတက်လာသောကြောင့် အစိုးရ၏ ကုန်ဈေးနှုန်းလျော့ချရန်နည်းလမ်းများလည်း  မအောင်မြင်ခဲ့ပါ။

အစိုးရပိုင်လုပ်ငန်းများဖြစ်သော အမျိုးသားနို့ထွက်ပစ္စည်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (NDDB)၊ အမျိုးသားနို့ထွက်ပစ္စည်းသမဝါယမအသင်းချုပ် (NCDF) နှင့် အမျိုးသားသမဝါယမလယ်ယာဈေးကွက် ရှာဖွေရေးအသင်းချုပ် (NAFED) တို့က တင်သွင်းခွင့်ရကြပါသည်။

ဘုံဘေအခြေစိုက် နိုင်ငံတကာကုမ္ပဏီမှ လုပ်ငန်းရှင်တစ်ဦးကနေကြာဆီနှင့် ပန်းဂျုံစေ့ဆီတို့ကို အကောက်ခွန်သက်သာခွင့်ဖြင့်  တင်သွင်းခွင့်ပြုရန်  မလိုအပ်ကြောင်း၊ ဆီများကိုစျေးသက်သာစွာ တင်သွင်းမှုကြောင့် ပြည်တွင်းဆီထွက်သီးနှံဈေးနှုန်းအပေါ် ဖိအားများရှိပြီး ယခုတွင်လည်း အကောက်ခွန်မဲ့ တင်သွင်းခွင့်ကြောင့် ထပ်တိုးဖိအားများရှိကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယသည် ပြည်တွင်းဟင်းသီးဟင်းရွက်ဆီလိုအပ်ချက်၏ ၃ ပုံ ၂ ပုံခန့်ကို ပြည်ပမှတင်သွင်းပြီး  အင်ဒိုနီးရှားနှင့် မလေးရှားတို့မှ စားအုန်းဆီ၊ ရုရှား၊ ယူကရိန်း၊ အာဂျင်တီးနားနှင့် ဘရာဇီးနိုင်ငံတို့မှ နေကြာဆီနှင့် ပဲပိစပ်ဆီများ တင်သွင်းလျှက်ရှိပါသည် ။

အိန္ဒိယ၏ လက်ရှိ နို့နှင့်နို့ထွက်ပစ္စည်းဈေးနှုန်းသည် ရောင်းလိုအားကန့်သတ်ချက်နှင့် ဝယ်လိုအား မြင့်မားမှုကြောင့် ဈေးတက်နေကြောင်း၊ ပြည်တွင်းပြောင်းဈေးနှုန်းမှာလည်း မွေးမြူရေးလုပ်ငန်းများနှင့် အီသနောထုတ်လုပ်ရေးလုပ်ငန်းများကြောင့် ဈေးတက်နေကြောင်း သိရပါသည်။

အိန္ဒိယသည် ဗီဇပြောင်း စားသောက်ကုန်သီးနှံများ စိုက်ပျိုးမှုကို ခွင့်မပြုသောကြောင့် သွင်းကုန်များတွင်လည်း အဆိုပါမျိုးစေ့များ မပါရှိရေး စည်းမျဉ်းများချမှတ်ထားပါသည်။

Source:         The Economic Times

WTO ဌာနခွဲ

ကုန်သွယ်ရေးဦးစီးဌာန