ဆန်နှင့်ပတ်သက်သည့် တစ်ပတ်အတွင်း နိုင်ငံတကာသတင်းများ

Fri, 04/26/2024 - 03:48 -- wtodep

၂၀၂၄ ခုနှစ်၊ ပထမ ၃ လပတ်အတွင်း ဗီယက်နမ်၏ ဆန်တင်ပို့မှု တိုးမြင့်

ဗီယက်နမ်နိုင်ငံ၏ ဆန်တင်ပို့သည် ၂၀၂၄ ခုနှစ်၊ ပထမ ၃ လပတ်အတွင်း မက်ထရစ်တန် သန်းပေါင်း ၂.၁ သန်း တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံ ရရှိခဲ့ကာ ပြီးခဲ့သည့်နှစ်ကထက် ၄၂% တိုးတက်ခဲ့ပါသည်။ အဆိုပါတိုးတက်မှုသည် ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ တရုတ်၊ ဂါနာ၊ မလေးရှားနှင့်စင်ကာပူကဲ့သို့ အဓိကဈေးကွက်များမှဝယ်လိုအားမြင့်တင်ခဲ့မှုကြောင့်ဖြစ်ပြီး ၎င်းတို့အနေဖြင့် ဗီယက်နမ်ဆန်အပေါ် များစွာမှီခိုခြင်းမရှိရန် အခြားရင်းမြစ်များမှ ရှာဖွေမှုများလည်း ရှိခဲ့ပါသည်။

ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားတို့တွင် ထုတ်လုပ်မှုနှင့် ထုတ်လုပ်ဧရိယာတိုးမြင့်ခြင်း၊ လယ်သမားများအား ထောက်ပံ့သည့် အစီအစဉ်များ ဆောင်ရွက်ခဲ့ပါသည်။ ထို့ပြင် ဗီယက်နမ်ဆန်၏ ဝယ်လက်အဟောင်း ဖြစ်သော အာဖရိကဈေးကွက်သည်လည်း ပြင်ပစီမံကိန်းများ၏ အကူအညီဖြင့် ပြည်တွင်းဖူလုံစေ မည့် စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

ဆန်အဓိကတင်ပို့သည့်နိုင်ငံများတွင် ဆန်ဈေးနှုန်းများကျဆင်း

ဝယ်လိုအားကျဆင်းမှုကြောင့် အဓိကဆန်တင်ပို့သည့် နိုင်ငံများဖြစ်သော ဗီယက်နမ်၊ အိန္ဒိယနှင့် ထိုင်းတို့တွင် ဆန်ဈေးနှုန်းများ ကျဆင်းခဲ့ပါသည်။ အိန္ဒိယတွင် ယခင်က မက်ထရစ်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၅၀ မှ ၅၅၈ ထိ ပေါက်ခဲ့သော ဆန်ဈေးသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မက်ထရစ်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၄၀ မှ ၅၄၈ ထိ ဈေးပေါက်ခဲ့ပါသည်။ ထိုင်းဆန်သည် သီတင်းပတ် ၄ ပတ်ဆက်တိုက် ဈေးနှုန်းကျဆင်းလျက်ရှိပြီး ယခင်က မက်ထရစ်တစ်တန်လျှင်  အမေရိကန်ဒေါ်လာ ၅၈၅ မှ ၅၉၀ ထိပေါက်ခဲ့သော ဆန်ဈေးသည် ၅၇၀ ထိ ကျဆင်းခဲ့ပါသည်။ ယင်းသို့ ဈေးနှုန်းကျဆင်းခြင်းသည် လာမည့်သီတင်း ၁ ပတ်ကျော်အတွင်း ပြီးဆုံးတော့မည့် ဆောင်းဦးရိတ်သိမ်းချိန်ကာလကြောင့်ဟု ခန့်မှန်းကြပါသည်။ ရိတ်သိမ်းချိန်ပြီးဆုံးသည်နှင့် ဈေးနှုန်း များ ပြန်လည်ဦးမော့လာရန်လည်း မျှော်လင့်နေကြပါသည်။

၂၀၂၄ ခုနှစ်၊ ပထမ ၃ လပတ်အတွင်း ဖိလစ်ပိုင်၏ ဆန်တင်သွင်းမှု တိုးမြင့်

ဖိလစ်ပိုင်နိုင်ငံ၏ ၂၀၂၄ ခုနှစ်၊ ပထမ ၃ လပတ်အတွင်း ဆန်တင်သွင်းမှုသည် ပြီးခဲ့သည့်နှစ်ကထက် ၂၄.၂% တိုးတက်ကာ မက်ထရစ်တန် ၉၉၆,၀၀၀ ရှိခဲ့ကြောင်း၊ မတ်လအတွင်းက လစဉ်တင်သွင်းမှု သည် ၃၃ % ကျဆင်းခဲ့ပြီး နှစ်အလိုက် တင်သွင်းမှုတွင် ၄၄ % ကျဆင်းခဲ့ကြောင်း ၊ ဗီယက်နမ်၊ ထိုင်း၊ ပါကစ္စတန် ၊ မြန်မာတို့မှ အဓိကတင်သွင်းခဲ့ကြောင်း သိရပါသည်။

အမေရိကန် လယ်ယာစိုက်ပျိုးရေးဌာနက ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၄ ခုနှစ်အတွင်း ဆန်မက်ထရစ် တန် ၄.၄၁ သန်းခန့် တင်သွင်းပြီး ထုတ်လုပ်မှု မက်ထရစ်တန် သန်းပေါင်း ၁၂.၁၂၅ နှင့် စိုက်ပျိုးမှု ဧရိယာ ဟက်တာ ၄.၈ သန်းနှင့် စားသုံးမှုသည် ၁၉.၆ မက်ထရစ်တန်သန်း ရှိမည်ဟု ခန့်မှန်းထား ပါသည်။

ဆန်ဈေးနှုန်းကြီးမှု ကြာရှည်နေခြင်းသည် အယ်လ်နီညိုနှင့် ကမ္ဘာ့ဈေးကွက် အခြေအနေများကြောင့် ဖြစ်ပါသည်။

ဘရာဇီးနိုင်ငံ၊ Rio Grande do Sul ပြည်နယ်မှ ၂၀၂၃/၂၀၂၄ ရာသီအတွက် ဆန်စပါး စတင် ရိတ်သိမ်း

၂၀၂၃/၂၀၂၄ ရာသီအတွက် ဘရာဇီး၊ တောင်ပိုင်း Rio Grande do Sul ပြည်နယ်က စိုက်ပျိုးထားခဲ့သည့် စပါးစိုက်ဧရိယာ ဟက်တာ ထောင်ပေါင်း ၉၀၀.၂ ၏ ၄၄.၆၂ % ကို ရိတ်သိမ်းပြီဖြစ်ကြောင်း၊ သီးနှံများ၏ ၇.၂ % မှာ မျိုးပွားနိုင်သည့်အခြေအနေတွင်ရှိပြီး ၄၇% မှာ ရင့်မှည့်နေပြီဖြစ်ကြောင်း၊ ပြီးခဲ့သည့်နှစ် ယခုလိုအချိန်တွင် စိုက်ပျိုးဧရိယာ၏ ၈၁ % ကို ရိတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

ရင်းမြစ် ။ Reuters

WTO ဌာနခွဲ

ကုန်သွယ်ရေးဦးစီးဌာန