ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ အရှေ့ပိုင်းမှ သစ်လုံးများ ပြည်ပသို့ တရားမဝင်တင်ပို့မှုမရှိရေး ဝိုင်းဝန်းတားဆီးကြစေလို

Fri, 12/05/2014 - 11:41 -- admin_ygn

  ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်းဒေသများမှထုတ်လုပ်သောသစ်များကို ယခင်နှစ်များက အိမ်နီးချင်းနိုင်ငံသို့ တရားဝင်တင်ပို့ခဲ့သော်လည်း ၂၀၁၄ ခုနှစ် ဧပြီလမှ စ၍ ပြည်ပသို့သစ်လုံးတင်ပို့ခြင်းကို ပိတ်ပင်လိုက်သဖြင့် ခုတ်လှဲထားပြီး သစ်လုံးများစွာသစ်တောများထဲ၌ကျန်ရှိနေပါတယ်။ အချို့ကနည်းမျိုးစုံဖြင့်သယ်ယူပြီး အိမ်နီးချင်းနိုင်ငံ သို့ တင်ပို့နေကြသလို အချို့ကလည်း သစ်အချောထည်ပရိဘောဂစက်ရုံတည်ပြီး ပရိဘောဂများထုတ်လုပ်သွားရန် စီစဉ်မှုများလည်းရှိနေကြတယ်လို့သိရပါတယ်။
  လက်ရှိသယ်ဆောင်နေသောလမ်းကြောင်းများမှာ မိုင်းတုံ-မိုင်းဆတ်-ကျိုင်းတုံ-မိုင်းလားမှ လည်းကောင်း၊ မိုင်းတုံ-မိုင်းဆတ်-ဝမ်ပုံမှ ရေလမ်းဖြင့်လည်းကောင်း၊ မိုင်းတုံ-မိုင်းဆတ်-မိုင်းပြတ်-တာလေ-ကျိုင်းလပ်မှ ရေလမ်းဖြင့်လည်းကောင်း အိမ်နီးချင်းနိုင်ငံသို့သယ်ဆောင်နေတာဖြစ်ပါတယ်။ ယခုအခါ ပွင့်လင်းရာသီရောက်လာပြီဖြစ်၍ ရှောင် ကွင်းလမ်းများမှ တရားမဝင်သယ်ဆောင်မှုများပိုမိုလာတော့မှာဖြစ်ပါတယ်။ နိုဝင်ဘာလ ၁၆ ရက်နေ့က မိုင်းပန်၊ မိုင်းတုံ၊ မိုင်းဆတ် မြို့နယ်အတွင်းရှိ ကျွန်းသစ်များအား သယ် ထုတ်စဉ် မိုင်းတုံ မြို့နယ်နဲ့ သံလွင်မြစ်ကူးတာဆန်းတံတားအကြား တောင်သုံးလုံးတောင်ကြားမှာ သစ်ကားတစ်စီးတိမ်းမှောက်ခဲ့တဲ့အတွက် ယာဉ်ပေါ်ပါ ၁၀ ဦးအနက် ၃ ဦး မှာ နေရာတွင်ပွဲချင်းပြီးသေဆုံးခဲ့ပြီး ကျန်သူများ ဆေးရုံတွင် ဆေးကုသမှုခံယူနေကြတယ်လို့သိရှိခဲ့ပါတယ်။
   တာချီလိတ် Mobile Team အနေနဲ့ ဝမ်ပုံဆိပ်ကမ်းမှတစ်ဆင့် သယ်ဆောင်လာသောသစ်များကိုသာ လက်လှမ်းမီနိုင်မှာဖြစ်ပြီး မိုင်းတုံ၊ မိုင်းဆတ်မှ ကျိုင်းတုံဘက်ထွက်မဲ့ သစ် များကို တားဆီးရန်ခက်ခဲလျက်ရှိပါတယ်။ လက်ရှိအခြေအနေရ လွယ်တော်ခမ်း၊ ဝှေ့ရဲ၊ ဝှေ့လေလန်တို့မှာ တာချီလိတ် Mobile Team အဖွဲ့ကပိတ်ဆို့နိုင်သဖြင့် သယ်ဆောင်နိုင်မှုမရှိပါဘူး၊ ကျိုင်းတုံ Mobile Team ကလည်း မိုင်းလားသို့ထွက်မယ့်သစ်များကို နောင်ငင်းဂိတ်မှတားဆီးနိုင်သော်လည်း မိုင်းတုံ-တာဆန်း-မိုင်းပန် လမ်းကြောင်းနဲ့ မိုင်းဖြတ်-တာလေ-ကျိုင်းလပ်လမ်းကြောင်းကိုပြောင်းအသုံးပြုနေကြပြီလို့ မြေပြင်သတင်းထောက်လှမ်းရရှိထားပါတယ်။ တရားမဝင်သစ်များကိုသယ်ဆောင်ခြင်း ကိုတားဆီးရန် အဓိကတာဝန်ရှိတဲ့ သစ်တောဦးစီးဌာနအပါအဝင် ဌာနဆိုင်ရာများနဲ့ ဒေသတွင်းလက်နက်ကိုင် အဖွဲ့အစည်းများပါ ပါဝင်ဆောင်ရွက်ပြီးထိရောက်စွာ တားဆီးပေးနိုင်ရန် အပြု သဘောနဲ့အသိပေးလိုက်ရပါတယ်။

DCCA

Border Trade News

Pages