ရှမ်းချင်းအဝင်လှိုင်လာကာ အရည်အသွေးပေါ်မူတည်ပြီး အရောင်းအဝယ်ရှိလာ

Wed, 02/01/2017 - 06:17 -- admin_ygn

          ရှမ်းပြည်နယ်တောင်ပိုင်းမှာ  ရှမ်းချင်းတွေ ဒေသအစုံက ထွက်ရှိလာပါပြီ။ ကလောမြို့နယ်ရှိ အောင်ပန်း၊ ပင်းတယ၊ ပင်လောင်း၊ ဟဲဟိုး စတဲ့မြို့တွေအပြင် တောင်ကြီးမြို့နယ်ရှိ ဟိုပုံး၊ ဆီဆိုင်၊ နမ့်ခုတ်၊ ဘန်းယဉ်၊ လွိုင်လ င်မြို့နယ်ရှိ နမ့်စန်စတဲ့ မြို့တွေကထွက်ရှိလာတာကြောင့် ဈေးကွက်မှာ အဝင်လှိုင်လာပါတယ်။ ဟိုပုံး မြို့နယ်အတွင်းရှိ ဒေသတွေကထွက်ရှိတဲ့ ချင်းတွေက ဟိုပုံးနဲ့ အောင်ပန်းဈေးကွက်ကို ဝင်သလို နမ့်စန်မြို့တွေက ထွက်တဲ့ ချင်းတွေကလည်း အောင်ပန်းကို ဝင်ပါတယ်။ ဒါကြောင့် အောင်ပန်းပွဲရုံမှာ ချင်းအဝင်က တစ်ရက်ကို ပိဿာချိန် သောင်းချီပြီး အဝင်ရှိတယ်လို့ သိရပါတယ်။ ရှမ်းချင်းကို တပ်ကုန်းက အချပ်ပြားလုပ်ဖို့ ဝယ်ယူမှု ရှိသလို ချင်းထိုးသမားေ တွကလည်း အလှူပွဲတွေအတွက် ရန်ကုန်၊ ပြည်၊ မုံရွာ စတဲ့ မြို့တွေက ကြိုတင်ဝယ်ယူထားတယ်လို့သိရပါတယ်။  တစ်ပတ်အတွင်းမှာ  ချင်း ပိဿာချိန်ပေါင်း ၁ ဒသမ ၈ သိန်း အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ပြည်ပ ဝယ်လက် တွေ ကတော့ အော်ဂဲနစ်ချင်းတွေကို ပိုပြီး ဝယ်ယူလိုကြပါတယ်။ သဘာဝချင်းတွေကို တော့ နောင်နှစ်တွေမှာ ပိုမို စိုက်ပျိုးလာနိုင်တယ်လို့လည်း ဈေးကွက်မှသိရှိရပါတယ်။
        ယခုတစ်ပတ် အောင်ပန်းဈေးကွက်မှာ ချင်းစိုက အရည်အသွေးပေါ်မူတည် ပြီး အရောင်းအဝယ် ပြုလုပ်ကြပါတယ်။ အညံ့စတွေက တစ်ပိဿာ ကျပ် ၃၀၀ရှိပြီး လတ်စတွေက ကျပ် ၃၆၀ ၊ ထိပ်စတွေက ကျပ် ၄၃၀ ဈေးရှိပါတ ယ်။ ဟိုပုံးချင်းတွေကတော့ တစ်ပိဿာ ကျပ် ၃၀၀ - ၃၂၀ ရှိပြီး နမ့်စန် ချင်းက ကျပ် ၂၈၀-၃၀၀ ဈေးရှိပါတယ်။ ချင်းခြောက်ကိုတော့ လှောင်လက်တွေဖြစ်တဲ့ ရန်ကုန်၊ ပြည်မြို့တွေက အဝယ်ရှိပြီး တစ်ပိဿာကို ကျပ် ၁၅၀၀ မှ ကျပ် ၁၈၀၀ အထိ ဈေးပေါက်ပါတယ်။ တစ်ပတ် အတွင်း ချင်းခြောက်ပိဿာချိန်ပေါင်း   ခုနစ်သောင်းခန့် အရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့ သိရပါတယ်။

 

ဧဧခိုင် (တောင်ကြီး)

Local Trade News

Pages