နိုင်ငံခြားအသက်အာမခံကုမ္ပဏီ AIA အာမခံပေါ်လစီ စတင်ရောင်းချ

Wed, 12/04/2019 - 05:45 -- admin_ygn

      စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ တရားဝင် ရာနှုန်းပြည့်လုပ်ကိုင်ခွင့်လိုင်စင် ရရှိပြီးနောက် အာမခံ ဝန်ဆောင်မှုကို ပထမဦးဆုံး ဝယ်ယူသူရရှိခဲ့ကြောင်း နိုင်ငံ ခြားအသက်အာမခံကုမ္ပဏီ AIA Myanmar မှ နိုဝင်ဘာ ၂၈ ရက်တွင် သတင်းထုတ်ပြန်သည်။ ပြည်တွင်းဈေးကွက်တွင် အာမခံလုပ်ငန်းများလုပ်ကိုင်ခွင့်ပြုရေးအတွက် နိုင်ငံခြားသားရာနှုန်းပြည့် ပိုင် အသက်အာမခံကုမ္ပဏီငါးခု၊ အသက်နှင့် အထွေ ထွေ အာမခံလုပ်ငန်းဖက်စပ်ကုမ္ပဏီခြောက်ခုတို့ကို နိုဝင်ဘာ၂၈ ရက်က နေပြည်တော်ရှိ သင်္ဂဟဟိုတယ် တွင် လုပ်ငန်းလိုင်စင်ပေးအပ်ခဲ့သည်။
       AIA Myanmar ၏ CEO ဖြစ်သူ Mr.Nhon Ly (Luc) "မြန်မာနိုင်ငံက မိဘပြည်သူများကို အသက် အာမခံပေါ်လစီများ စတင်ဝန်ဆောင်မှုပေးနိုင်ရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာနမှခွင့်ပြုချက်ရထား ပြီဆိုတဲ့အကြောင်းကို မြန်မာပြည်သူများဆီ AIA Myanmar က စိတ်လှုပ်ရှားစွာနဲ့ပဲ သတင်းကောင်းပေး ပါရစေ။ အခုအချိန်ကာလကတော့ မြန်မာနိုင်ငံမှာရှိတဲ့ အာမခံလုပ်ငန်းနယ်ပယ်အတွက် အမှန်တကယ် အရာ ရောက်ပြီး လေးနက်တဲ့ကာလပါပဲ။ ကျွန်တော်တို့ အနေနဲ့ မြန်မာနိုင်ငံအနှံ့ဝန်ဆောင်မှုများပေးနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် ပြည်သူ များ ပိုမိုကျန်းမာအသက်ရှည်ပြီး ပိုမိုကောင်း မွန်တဲ့ ဘဝများ ပိုင်ဆိုင်နိုင်စေဖို့ဆိုတဲ့ ကျွန်တော်တို့ပေးထား တဲ့ကတိကို ပုံဖော်ဆောင်ရွက်ရန်အတွက် AIA ရဲ့နှစ် ၁၀ဝ ရှိပြီဖြစ်တဲ့ အတွေ့အကြုံတွေနဲ့ ပြည်တွင်းအာမခံ လုပ်ငန်း ဖွံ့ဖြိုးစေရန် ပါဝင်ဆောင်ရွက်သွားဖို့ ရည် ရွယ်ထားပါတယ်"ဟု ပြောသည်။
      AIA Myanmar ၏ ပထမဆုံး ကျန်းမာရေး အာမခံပေါ်လစီကိုဝယ်ယူ သူများမှာ Max Myanmar လုပ်ငန်းစု ဥက္ကဋ္ဌဦးဇော်ဇော်၊ စွန့်ဦးတီထွင်သူနှင့် ဈေးကွက်ရေးရာကျွမ်းကျင်သူ ဦးအောင် ချစ်ခင်၊ Associate Professor ဦးဇော်ဇော်အောင်၊ အနုပညာရှင် နိုင်ငံကျော် အဆိုတော်ထူးအယ်လင်းနှင့် သရုပ်ဆောင် ထူးခြားတို့ဖြစ်ကြောင်း သိရသည်။ AIA Myanmar ၏ ရုံးချုပ်ကို ရန်ကုန်မြို့၊ ဗိုလ် ချုပ်အောင်ဆန်းလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်ရှိ Junction City ၏ Office Tower တွင် ဖွင့်လှစ်ထား သည်။

 

သန်းထိုက်အောင်