အရှိန်တစ်ဖန် ပြန်လည်မြင့်လာသည့် တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲ

Thu, 05/23/2019 - 06:52 -- admin_ygn

          တရုတ်နှင့် အမေရိကန်တို့၏ ကုန်သွယ်ရေးစေ့စပ်ညှိနှိုင်းပွဲများသည် မေ ၁၂ရက်တွင် အမေရိကန်ဘက်က တရုတ်ဥပဒေ ခိုင်ခိုင်မာမာ ပြောင်းလဲမှုများပြုလုပ်ရန် ကတိကဝတ်များကို တောင်း ဆိုလိုက်ကတည်းက ရှေ့ မတိုးသာ နောက်မဆုတ်သာသည့် အနေ အထား၌ ရပ်တန့်သွားခဲ့သည်။  တရုတ်ဘက်က ၎င်း၏ အကျိုးစီးပွား ကို ထိခိုက်နစ်နာစေမည့် မည်သည့်လုပ်ရပ်ကိုမှ လုပ်လိမ့်မည်မဟုတ် ကြောင်း ပြောကြားခဲ့သည်။ ကမ္ဘာ့ထိပ်သီး   စီးပွားရေးအင်အားကြီး နှစ်နိုင်ငံအကြား ကုန်သွယ်ရေးစစ်ပွဲသည် သမ္မတထရမ့်က တရုတ်နိုင်ငံသည် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်နေသည့်လများအတွင်း အစောပိုင်းက ပြုထား သည့် ကတိကဝတ်များအပေါ် ဖောက်ဖျက်သည် ဟု ပြောကြားပြီး နောက် မေ ၁၀ရက်တွင် အမေရိကန်က ဒေါ်လာ  ၂၀၀ ဘီလီယံ တန်ဖိုးရှိ တရုတ်ကုန်စည်များအပေါ် အခွန် နှုန်းမြှင့်တင် ကောက်ခံ လိုက်ကတည်းက အရှိန်မြင့်တက်လာသည်။ အိမ်ဖြူတော်မှ စီးပွားရေး အကြံပေးဖြစ်သူ Larry Kudlow ၏ ပြောကြားချက်အရ တရုတ်နိုင်ငံသည် အမှန်တကယ်ပြုလုပ်မည့် အပေးအယူအတွက် အလွန်ခိုင်မာသော  (ဥပဒေ၊ စည်းကမ်း)အတိုင်း လိုက်နာဆောင်ရွက်မှုကတိကဝတ်များကို သဘော တူရန် လိုအပ်ကြောင်း၊ သို့ရာတွင် သဘောတူထားသည့် ပြောင်းလဲပေး ရမည့် ဥပဒေများကို ဆောင်ရွက်ရန် တွန့်ဆုတ်နေကြောင်း၊ စေ့စပ် ညှိနှိုင်းမှုများ ဆက်လက်ဆောင်ရွက်နေစဉ်အတွင်း အမေရိကန်၏ အခွန်နှုန်းများကို ဤအတိုင်းဆက်လက်ထားရှိမည်ဖြစ်ကြောင်း သိရသည်။

တရုတ်ဘက်က  တုံ့ပြန်ရပ်တည်မှု
          တရုတ်နိုင်ငံ၏ အာဏာရပါတီဖြစ်သည့် ကွန်မြူနစ်ပါတီက ထုတ်ဝေသော မေ ၁၃ ရက်ထုတ် ပြည်သူ့နေ့စဉ်သတင်းစာ၏ ခေါင်းကြီးပိုင်းတွင် တရုတ်နိုင်ငံသည် မည်သည့်အချိန်တွင်မျှ နိုင်င ၏ လေးစားမှုကို လက်လွှတ် ဆုံးရှုံးခံမည်မဟုတ်ကြောင်း၊ တရုတ် နိုင်ငံ၏ ပင်မအကျိုးစီးပွားများကို ထိခိုက်နစ်နာစေသည့် မည်သည့် အရာကိုမျှ မျှော်လင့်မထားသင့်ကြောင်း ဖော်ပြထားသည်။ ပေကျင်းသည် ဆွေးနွေးပွဲများကို လမ်းဖွင့်ပေးသော်လည်း အခြေခံကျသည့် အရေးကြီးသော ကိစ္စရပ်များအပေါ် ဆွေးနွေးနိုင် ခြင်းမရှိသေးကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။ တရုတ်၏  အမျိုးသားရေး Global Times tabloid သတင်း စာတွင်လည်း ကုန်သွယ်ရေးစစ်ပွဲကို ကြောက် ရွံ့ရန် အကြောင်းရင်း တစ်စုံတစ်ရာမရှိကြောင်း၊ တရုတ်လူမျိုးများမှာ မည်သည့်ကုန်သွယ် ရေး စစ်ပွဲကိုမျှ နှစ်လိုခြင်းမရှိသော်လည်း မိမိနိုင်ငံ၏ ကိုယ်ပိုင်အချုပ် အခြာအာဏာနှင့် ဂုဏ်သိက္ခာကို ထိပါးလာပါက ကာကွယ်ရန်နှင့် တရုတ်လူမျိုးများ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများကို ကာကွယ်ရန် အလို့ငှာ မည်သည့်အရာကိုမျှ ခေါင်းငုံ့သည်းခံနေမည် မဟုတ်ကြောင်း ဖော်ပြထားသည်။
           မေ ၁၂ ရက်တွင် သမ္မတ ထရမ့်က Twitter လူမှုကွန်ရက်ပေါ် တွင် 'တရုတ်နိုင်ငံက ဝယ်ယူနေသည့် ပစ္စည်းများကို မိမိတို့ ပြည်တွင်း ထုတ်လုပ်သူများထံမှ သို့မဟုတ် အခြားနိုင်ငံများထံမှ ဝယ်ယူသွား နိုင်ကြောင်း' နှင့် 'တရုတ်ထံမှ ဒေါ်လာ ဘီလီယံနှင့်ချီ၍ အခွန် အကောက်များ ကောက်ယူသွားနိုင်ကြောင်း'ဟု အမေရိကန်အား အသာစီးရနေသည့် အနေအထားမှနေ၍ ရေးသားဖော်ပြသွားခဲ့သည်။ အမှန်စင်စစ်တွင်မူ တရုတ်အစိုးရ သို့မဟုတ် တရုတ်နိုင်ငံတွင် တည်ရှိသော တရုတ်လုပ်ငန်းများမှ တိုးမြင့်လာသော အခွန်အခများကို ပေးဆောင်ရသည်မဟုတ်ဘဲ များသောအားဖြင့် တရုတ် ကုန်စည်များကို တင်သွင်းသော အမေရိကန်ကုမ္ပဏီများ သို့မဟုတ် အမေရိကန် တွင် မှတ်ပုံတင်ထားသော  နိုင်ငံခြားကုမ္ပဏီများက ပေးဆောင်ရသည်ဖြစ်ရာ   ကုန်ကျစရိတ်များမှာ  အမေရိကန်ပြည် ထောင်စုအတွင်းရှိ စားသုံးသူများ၊  အများဆုံးထုတ်လုပ်သူများနှင့် စားသုံးသူများမှ ကျခံရသည်သာဖြစ်သည်။
         ယင်းကိစ္စရပ်အပေါ် မည်သူက နစ်နာသနည်းဟု စီးပွားရေး အကြံပေးဖြစ်သူ Kudlow ကို မေးမြန်းခဲ့ရာ နှစ်ဖက်စလုံးမှ နစ်နာ သည်ဟု ဖြေကြားခဲ့သဖြင့် "အမေရိကန်က ရင်ဆိုင်နိုင်သည်"ဟု သမ္မတ ထရမ့်၏ ပြောကြား ချက်နှင့် ကွဲလွဲနေပြန်သည်။ အမေရိကန်အနေဖြင့် တရုတ်နှင့် တစ်ဖက်သတ်ကုန်သွယ်မှု အလေ့အထများကို နှစ်ပေါင်း ၂၀ ကျော်ရင်ဆိုင်ခဲ့ရပြီးဖြစ်ကြောင်း၊ ၎င်းင်းအနေအထားကို ပြုပြင်ရန် မည်သည့်ဆောင်ရွက်နိုင်သည့် နည်း လမ်းဖြင့်မဆို အမေရိကန်၏ စီးပွားရေးကို မထိခိုက်စေဘဲ ထိခိုက် ဆုံးရှုံးနိုင်ခြေကို ယူသွားသင့်ကြောင်းနှင့် ယူသွားနိုင်ကြောင်း Kudlow က ထည့်သွင်းပြောကြားခဲ့သည်။

G20 ထိပ်သီးအစည်းအဝေးပွဲ
         လာမည့် ဇွန်လနှောင်းပိုင်းအတွင်း ဂျပန်နိုင်ငံ၌ ကျင်းပမည့် G20 ထိပ်သီးအစည်းအဝေးပွဲကာလအတွင်း အမေရိကန်သမ္မတနှင့် တရုတ်သမ္မတတို့ တွေ့ဆုံသွားရန် ဖြစ်နိုင်ခြေများကြောင်း သိရသည်။ ပြီးခဲ့သည့် ရက် သတ္တပတ်အထိ ၎င်းထိပ်သီးအစည်းအဝေးပွဲ၌ အမေရိကန်နှင့် တရုတ်တို့က ကုန်သွယ်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးသွားနိုင်ဖွယ်ရှိကြောင်း ခန့်မှန်းထားကြသော်လည်း  သဘောတူညီချက်မူကြမ်းကို ထပ်မံ သုံးသပ်မှုများပြုလုပ်ရန် တရုတ် ဘက်က အဆိုပြုပြီးနောက်ပိုင်းတွင် ကုန်သွယ်ရေးဆွေးနွေးပွဲများ၌ အဓိကနောက်ပြန်ဆွဲမှုများ ဖြစ်ပေါ်လာခဲ့သည်။ အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်မှ  အတင်းအကျပ်တွန်းအားပေးသော နည်းပညာ လွှဲပြောင်း မှုများအထိ ကိစ္စရပ်များအပေါ် မူဝါဒအသစ်များ ပြဋ္ဌာန်းရန် တရုတ် ဥပဒေများကို ပြောင်းလဲသွားရန် ကနဦးပြုခဲ့သည့် ကတိကဝတ် များကို တရုတ်ဘက်က ပယ်ဖျက်လိုခဲ့သည်။ မေ ၉ ရက်နှင့် ၁၀ ရက်များတွင် တရုတ်ဒုတိယသမ္မတလည်း ဖြစ်၊ တရုတ်၏ထိပ်တန်း စီးပွားရေးအကြံပေးလည်းဖြစ်သူ Liu He နှင့် အမေရိကန်ထိပ်သီးအရာရှိများ ဝါရှင်တန်၌ တွေ့ဆုံစဉ်က တရုတ်နိုင်ငံသည်  ၎င်း၏နိုင်ငံတော်ကောင်စီမှ  ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာများမှတစ်ဆင့် မူဝါဒပြောင်းလဲမှုများကို ပြုလုပ် နိုင်သည်ဟု ငြင်းချက်ထုတ်ခဲ့သော်လည်း   ယခင်ဖော်ပြခဲ့သည့် စာသားများကို ပြန်လည်ထည့်သွင်းရေးအပေါ် အမေရိကန်က ခုခံ ပြောဆိုခဲ့သည်။
          အမေရိကန်ဘက်က အခွန်နှုန်းမြှင့်တင်ခြင်းအပေါ် တရုတ် က ခိုင်မာစွာဆန့်ကျင်ခဲ့ပြီး တုံ့ပြန်ရမည်ဖြစ်ကြောင်း မေ ၁၁ ရက် တွင် တရုတ်ဒုတိယသမ္မတက ပြောကြားခဲ့သည်။ သို့ရာတွင် မေ ၁၃ ရက်အထိ စတင်ခြင်း မရှိသေးပါ။  သမ္မတထရမ့်က ကျန်ရှိနေသေး သည့် အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀၀ တန်ဖိုးရှိ တရုတ်နိုင်ငံက တင်သွင်းကုန်များအားလုံးအပေါ် သွင်းကုန်ခွန် ကောက်ခံသွားရန် အမိန့်ပေးထားသည်။ မေ ၁၀ ရက် က တိုးမြှင့် ခဲ့သည့် ကုန်စည်များအပြင် အမေရိ ကန်ဒေါ်လာ ဘီလီယံ ၂၀၀ တန်ဖိုးရှိ တရုတ်သွင်းကုန်များအပေါ်တွင်ပါ သွင်းကုန်ခွန်စည်းကြပ်မှုနှုန်းကို ၁၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင် နှုန်းသို့ မြှင့်တင်သွားဖွယ်ရှိသည်။ ကုန်သွယ်ရေးစစ်ပွဲ အတွင်း သမ္မတထရမ့်ကို အဓိက ထောက်ခံခဲ့သည့် အမေရိကန် လယ်သမားများမှာ ထိခိုက်နစ်နာမှုအများဆုံး ဖြစ်ကာ ၂၀၁၈ ခုနှစ်တွင် ၁၆ နှစ်အတွင်း  အနိမ့်ဆုံးအဖြစ် တရုတ် နိုင်ငံသို့ ပဲပိစပ်သင်္ဘော တင်ပို့မှု ကျဆင်းခဲ့သည်။ လွတ်လပ်သောကုန်သွယ်ရေး အတွေးအမြင်ရှိသည့် ရီဘတ် ဘလစ်ကန်ပါတီကို ထောက်ခံသူများက အကောက်ခွန်နှုန်းများသည် စီးပွားရေးကို အမှန်တကယ် ထိခိုက်နစ်နာစေနိုင်ပြီး ထရမ့်အား ထောက်ခံအားပေးသူများအပါ အဝင် လယ်သမားအများအပြားကိုလည်း နစ်နာစေလျက်ရှိကြောင်း သတိပေးပြောကြားထားသည်။

ရွေးကောက်ပွဲ ထပ်မံဝင်ရောက်ရန်ရှိသည့် ထရမ့်
        သမ္မတထရမ့်သည် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲအတွက် ထပ်မံရွေးကောက်ခံသွားရန် လှုပ်ရှားလာရာ အချို့သော ပြည်နယ် များတွင် ထောက်ခံမှုများကျဆင်းဖွယ်ရှိနေသည်။ ၂၀၁၆ ခုနှစ်က ၎င်းင်းအနိုင်ရရှိခဲ့သော အိုင် အိုဝါ အပါအဝင် ပြည်နယ်အချို့ရှိ လယ် သမားများမှာ ကုန်သွယ်ရေးအငြင်းပွားမှုကြောင့် ထိခိုက်နစ်နာ လျက်ရှိသည်။  အကယ်၍ ယခုအချိန်တွင်မှ ဖြေရှင်းနိုင်ခြင်း မရှိခဲ့လျှင် ၎င်း၏ ရွေးကောက်ပွဲကို ထိခိုက်နိုင်ကြောင်း သတိေ ပးပြောကြားမှုများရှိ သော်လည်း၊ ထရမ့်၏ အကြံပေးများကမူ နိုင်ငံ၏ ကြံ့ခိုင်အားကောင်းမှုကို ပြသခြင်းဖြစ်၍ ယုံကြည်မှုရှိနေကြသည်။ ထရမ့်၏ စီမံခန့်ခွဲမှုနှင့် ရွေးကောက်ပွဲဝင် အဖွဲ့များသည် အခွန်နှုန်းကြောင့် လယ်သမား များ၏ ထိခိုက်နစ်နာမှုများကို သတိ ပြုပြီးဖြစ်ကြကာ အစိုးရ၏ ထောက်ပံ့မှုဖြင့် ထိခိုက်နစ်နာမှုများကို ကုစားရန် နည်းလမ်းရှာဖွေလျက်ရှိကြသည်။ လယ်သမားများမှာ မျိုးချစ်များဖြစ်ကြသဖြင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရန် မည်သို့ ဆောင် ရွက်ရသည်ဆိုသည်ကို နောက်ဆုံးတွင် နားလည်သွားမည် ဖြစ် ကြောင်း၊ ကာလကြာရှည်သော ကစားပွဲဖြစ်သော်လည်း အဆုံးစွန် တွင် စိုက်ပျိုးရေးဆိုင်ရာစီးပွားရေးအတွက် ပိုမိုကောင်းမွန်သည့် ရလဒ်များ ထွက်ပေါ်လာမည်ကို သိရှိကြကြောင်း၊ အခွန်စည်းကြပ်မှု များသည် နိုင်ငံကို ပိုမိုခိုင်မာအားကောင်းခိုင်မာစေရန်ဖြစ်ကြောင်း အမေရိကန်သမ္မတ ထရမ့်က ထုတ်ဖော်ပြောကြားထားသည်။

 

ရင်းမြစ်။ Reuters/de/jt

ဒေါက်တာရွှေစင်ကို စီးပွားရေးသံမှူး (နန်နင်းမြို့)