ပဲပိစပ်နှင့် ဝက်သားသွင်းကုန်များအပေါ် အခွန်ကင်းလွတ်ခွင့်ပြုရန် တရုတ်ဆောင်ရွက်နေ

Thu, 01/16/2020 - 08:14 -- admin_ygn

    တရုတ်နိုင်ငံသည် ပြည်တွင်းလုပ်ငန်းရှင်များ၏ တောင်းဆိုချက်အရ အမေရိကန်ပြည်ထောင်စုမှ တင်သွင်းမည့် ပဲပိစပ်နှင့် ဝက်သားသွင်းကုန်များ အပေါ် အခွန်ကောက်ခံမှုမှ ကင်းလွတ်ခွင့်ရရှိရန် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်ခြင်းသည် တရုတ်နိုင်ငံ၏ ပြည်တွင်းလိုအပ်ချက်အပေါ် ဖြည့်ဆည်းနိုင်ရန် လုပ်ဆောင်ခြင်းသာဖြစ်သည်။ တရုတ်နိုင်ငံတွင် ပြည်တွင်း ဈေးကွက်၌ ပဲပိစပ်ပြတ်လပ်မှု၊ အာဖရိကဝက်တုပ်ကွေးရောဂါကြောင့် ဝက်သားရောင်းလိုအား ကျဆင်းမှုတို့ကြောင့် အမေရိကန်နိုင်ငံမှ ပဲပိစပ်နှင့် ဝက်သားသွင်းကုန်များအပေါ် အခွန်ကောက်ခံမှုမှ ကင်းလွတ်ခွင့်ရရှိရေး နှင့်ပတ်သက်၍ စီစဉ်ဆောင်ရွက်နေ ခြင်း ဖြစ်သည်။ တရုတ်နိုင်ငံသည် ပဲပိစပ် တန်ချိန် ၁၁၀ သန်းခန့်အား နှစ်စဉ်စားသုံးပြီး သုံးစွဲမှု၏ ၈၀ ရာခိုင်နှုန်းသည် ပြည်ပနိုင်ငံများမှ တင်သွင်းခြင်းဖြစ်သည်။ ၂၀၁၉ ခုနှစ်၊ ပထမ ၁၀ လအတွင်း ပဲပိစပ်သွင်းကုန်တန်ချိန်၊ ၇၀ ဒသမ ၆၉ သန်းသာ ရှိခဲ့သဖြင့် ပြီးခဲ့သည့်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၈ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု တရုတ်နိုင်ငံ၊ အကောက်ခွန်အထွေ ထွေ အုပ်ချုပ်မှု အာဏာပိုင်အဖွဲ့မှ တရားဝင်ထုတ်ပြန်သည့် စာရင်းများတွင် ဖော်ပြထားသည်။

     တရုတ်နိုင်ငံသည် ပဲပိစပ်များကို ဘရာဇီး၊ အမေရိကန်နှင့် အာဂျင်တီးနား နိုင်ငံတို့မှ အဓိက တင်သွင်းလျက်ရှိသည်။ ထုတ်လုပ်မှုတိုးတက်ပြီး ဈေးနှုန်းအရ အားသာမှုရှိသည့် ဘရာဇီးနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသို့ ပဲပိစပ် တိုးမြှင့် တင်ပို့ နိုင်ခဲ့ပြီး၂၀၁၈ ခုနှစ်အတွင်း ဘရာဇီးနိုင်ငံမှ တရုတ်နိုင်ငံသို့ ပဲပိစပ်စုစုပေါင်း တင်သွင်းမှု၏ ၇၅ ရာခိုင်နှုန်း တင်သွင်းနိုင်ခဲ့သည်။ အမေရိကန်နိုင်ငံမှ တင်ပို့မှု သည် တရုတ် နိုင်ငံ၏ ပဲပိစပ်တင်သွင်းမှု၏ ၁၉ ရာခိုင်နှုန်းသာ ပါဝင်သည်။ တရုတ်နိုင်ငံအနေဖြင့် ဈေးကွက်ဆိုင်ရာ စည်းကမ်းချက်များနှင့် အမှန် တကယ် လိုအပ်ချက်များအပေါ် မူတည်၍ အမေရိကန် ပြည်ထောင်စုမှ ပဲပိစပ် များ ပိုမိုဝယ်ယူရန် ကြိုးစားလျက်ရှိပြီး ၂၀၁၉ခုနှစ်၊ အောက်တိုဘာလအထိ တရုတ်နိုင်ငံအနေဖြင့် အမေရိကန်ပြည်ထောင်စုမှ ပဲပိစပ်တန်ချိန်  ၂၀ သန်း အထိ ဝယ်ယူပြီး ဖြစ်သည်။

    သို့ရာတွင် အမေရိကန်သမ္မတက နှစ်နိုင်ငံအကြား ပထမအဆင့် သဘော တူညီမှုရရှိစေရန်အတွက်  တရုတ်နိုင်ငံအနေဖြင့် ပြီးခဲ့သည့်နှစ်ကုန်သွယ်မှု၏ နှစ်ဆဖြစ်သည့် အမေရိ ကန်ဒေါ်လာ ၄၀ ဘီလီယံမှ ၅၀ ဘီလီယံတန်ဖိုးရှိ လယ်ယာထွက်ပစ္စည်းများ ဝယ်ယူပေးရန် ကမ်းလှမ်းခဲ့သည်။ အမေရိကန်ပြည် ထောင်စုနှင့် ဖြစ်ပွားလျက်ရှိသည့် ကုန်သွယ်မှုစစ်ပွဲ ရှည်ကြာလာသည်နှင့်အမျှ တရုတ်နိုင်ငံအနေဖြင့် တင်သွင်းသည့် ဈေးကွက်ချဲ့ထွင်ခြင်း၊ ပြည်တွင်းထုတ်လုပ်မှုတိုးချဲ့ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။ တရုတ်နိုင်ငံသည် ပြည်တွင်းလိုအပ်ချက်ဖြစ်သည့် ပဲပိစပ်စိုက်ပျိုးထုတ် လုပ်မှုများကို တိုးချဲ့ဆောင်ရွက်လျက် ရှိရာ ၂၀၁၉ ခုနှစ်တွင် ပဲပိစပ်စိုက်ပျိုးမြေ ဧရိယာသည် ဟက်တာ ၉ ဒသမ ၃ သန်းရှိလာပြီဖြစ်သည့်အတွက် ၂၀၁၈ ခုနှစ် နှင့် နှိုင်းယှဉ်ပါက ၁၀ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ဟု တရုတ်နိုင်ငံ၊ Beijing Orient Agribusiness Consultancy ကုမ္ပဏီမှ စီးပွားရေးကျွမ်းကျင်ပညာ ရှင် Ma Wenfeng က ပြောကြားခဲ့သည်။

 

ရွှေစင်ဦး၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဘေကျင်းမြို့