ပိုးသတ်ဆေးကြွင်းပါဝင်မှုပမာဏ အဆင့်မမီကြောင်း တွေ့ရှိခဲ့သည့်အတွက် တရုတ်နိုင်ငံမှ သစ်သီးများတင်သွင်းမှုအား အိန္ဒိယက ရပ်ဆိုင်း

Wed, 06/07/2017 - 03:41 -- admin_ygn

         အိန္ဒိယအစိုးရသည် တရုတ်နိုင်ငံမှတင်သွင်းလာသော ပန်းသီး၊ သစ်တော်သီးနှင့် ထပ်တစ်ရာပန်းစေ့များအား စစ်ဆေးရာ၌ ပိုးသတ် ဆေးကြွင်း ပါဝင်မှုများအား အကြိမ်ကြိမ်  တွေ့ရှိခဲ့သည့်အတွက် အဆိုပါ ကုန်ပစ္စည်း တင်သွင်းမှုများအား ယာယီရပ်ဆိုင်းထားကြောင်း၊ အိန္ဒိယအာဏာပိုင်များအနေဖြင့် တရုတ်နိုင်ငံမှ လယ်ယာထွက်ကုန်များ တင်သွင်းခြင်းအား ပထမဆုံးအကြိမ် တားမြစ်ခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံမှ အိန္ဒိယနိုင်ငံသို့ ဟင်းသီး ဟင်းရွက်နှင့် သစ်သီးတင်သွင်း မှုအားလုံး၏  ၉၀ ရာခိုင်နှုန်းခန့်မှာ ပန်းသီးနှင့် သစ်တော်သီး တင် သွင်းခြင်းဖြစ်ကြောင်း သိရှိရပါသည်။
          အိန္ဒိယနှင့် တရုတ်နိုင်ငံတို့သည်  နှစ်နိုင်ငံ နယ်စပ်ပြဿနာ အငြင်းပွားမှုအပေါ် ချဉ်းကပ်ပုံချင်း မတူညီသည့်အတွက်ကြောင့် နှစ်နိုင်ငံဆက်ဆံရေး၌ မတည်မငြိမ်မှုများဖြစ်ခဲ့ပြီး၊ တရုတ်နိုင်ငံက ဦးစီးဆောင်ရွက်နေသည့် One Belt One Road (OBOR) စီမံကိန်းနှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံက ခပ်ခွာခွာနေခဲ့ပြီးနောက် ယင်းဖြစ်စဉ် ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း၊ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံ တာဝန်ရှိသူများ ဆွေးနွေးခဲ့ရာ အနည်းငယ်  တိုးတက်လာခဲ့ပြီဖြစ် ကြောင်း၊ အိန္ဒိယအစိုးရအနေဖြင့် ဖော်ပြပါ ကုန်ပစ္စည်းများနှင့်စပ်လျဉ်း၍ ပိုးသတ်မှိုင်းတိုက်စစ်ဆေးသည့် လုပ်ငန်းစဉ်များ၊ ထုပ်ပိုးနည်းစနစ်များနှင့်  သိုလှောင်ထားရှိသည့်စနစ်များစသည့် လုပ်ထုံးလုပ်နည်း စံနှုန်းသတ်မှတ်ချက်များကို အသေးစိတ်သိရှိရန် လိုလားနေ ကြောင်း၊ တရုတ်နိုင်ငံ၊General Administration of Quality Super- vision, Inspection and Quarantine (AQSIQ)မှ  တာဝန်ရှိသူများ အိန္ဒိယနိုင်ငံသို့ လာမည့် ဇူလိုင်လတွင် လာရောက်ပါက အဆိုပါကိစ္စ နှင့်စပ်လျဉ်း၍ ဆွေးနွေးဖွယ်ရှိကြောင်း သိရှိရပါသည်။
         အိန္ဒိယနိုင်ငံသည် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်၊ ဧပြီလမှ ဖေဖော် ဝါရီလထိ ၁၁ လအတွင်း တရုတ်နိုင်ငံမှ ပန်းသီးနှင့်သစ်တော်သီး တန်ဖိုး  အမေရိကန်ဒေါ်လာ ၁၃၂ သန်းခန့် တင်သွင်းခဲ့ပြီး၊ ယင်း ပမာဏသည် ပြီးခဲ့သည့်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၀၀ ရာခိုင်နှုန်းခန့်မြင့်တက်လာခဲ့ကြောင်း၊ ယခုအခါ အိန္ဒိယအစိုးရသည် တရုတ်နိုင်ငံမှ အဆိုပါကုန်ပစ္စည်းသုံးမျိုး   တင်သွင်းမှုအား ယာယီ ပိတ်ပင်ထားကြောင်း၊ထို့ပြင် တရုတ်နိုင်ငံမှ ချောကလက်၊ သကြားလုံး တို့ကဲ့သို့ နို့နှင့်နို့ထွက်ပစ္စည်းများတင်သွင်းမှုကိုလည်း အိန္ဒိယအစိုးရ က တားမြစ်ထားကြောင်း သိရှိရပါသည်။ 

 

ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ နယူးဒေလီမြို့

International Trade News

Pages