မိမိကိုယ်ကျိုးစီးပွားကိုမကြည့်ဘဲနိုင်ငံတော်အတွက် လူကောင်းများဖြစ်အောင်ကြိုးစားဆောင်ရွက်ကြရန်

Tue, 05/07/2013 - 08:28 -- admin

ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးသည် ကုန်သည်လုပ်ငန်းရှင်များအတွက် ကျင်းပပေးတာ ဖြစ်တဲ့အတွက် ကုန်သည်များစုံစုံလင်လင်တက်ရောက်စေလိုပါကြောင်း၊ မိမိအနေနဲ့ကုန်သည်တစ်ဦးဖြစ်တဲ့အပြင် ကုန်သည်အသင်းဥက္ကဋ္ဌ တာဝန်ကိုယူထားတဲ့အတွက် ကုန်သည်များကြုံတွေ့ရတဲ့အခက်အခဲများအား တာဝန်ခံတင်ပြပေးနေပါကြောင်း၊ အခက်အခဲကိုတင်ပြရမယ့်အပိုင်းဟာ ကိုယ့်တာဝန်ဖြစ်တဲ့အတွက် မိမိအမြဲတင်ပြခဲ့ပါကြောင်း တင်ပြသမျှလည်း ရခဲ့တာတွေများပါကြောင်း၊ နိုင်ငံတော်ဘက်မှဖြေလျော့မှုများပြုလုပ်ပေးနေသော်လည်း မိမိတို့ ကုန်သည်များအနေနဲ့လုပ်ငန်းများလက်တွေ့လုပ်ကိုင်ရာမှ ထပ်မံကြုံတွေ့နေရသေးတဲ့အခက်အခဲတစ်ခု တင်ပြလိုပါကြောင်း၊ လိုင်စင်လျှောက်ထားရန်တန်ဖိုးအရမ်းနည်းသော ကိုယ်ပိုင်လုပ်ငန်းသုံးရန်ဖြစ်သောပမာဏ နည်းသည့်ပစ္စည်းများကို Non-Licence ဖြင့် Duty  ဆောင်၍သွားခွင့်ပြုပေးစေလိုပါကြောင်း၊ မိမိမှာကုန်သည် အသင်းဥက္ကဋ္ဌဖြစ်၍ ကုန်သည်များ၏လိုအပ်ချက်များကိုတင်ပြပေးသလိုကုန်သည်များအနေနဲ့လည်း မိမိကိုယ်ကျိုးစီးပွားကို မကြည့်ဘဲ နိုင်ငံတော်အတွက်လူကောင်းများဖြစ်အောင်ကြိုးစားဆောင်ရွက် ကြရန် တိုက်တွန်းလိုပါကြောင်း၊ ကုန်သည်များရဲ့အခက်အခဲကိုဖြေလျော့ပေးနိုင်သမျှ ဖြေလျော့ပေးမှသာလျှင် တရားမဝင် ရှောင်ကွင်းလမ်းမှ သွားလာမှုများလည်း လျော့နည်းသွားမှာဖြစ်ပါကြောင်း၊ မိမိတို့ ကုန်သည် များမှာလည်း ဂျူတီဆောင်လို့ရသမျှ တရားဝင်ဂျုတီဆောင်ပြီးသွားလိုပါကြောင်း၊ ယခုကဲ့သို့ ဖြေလျော့ပေးမှုများအတွက် ဝမ်းမြောက်ကျေးဇူးတင်ပါကြောင်း၊ ဆက်လက်၍လည်း တရားမဝင်လမ်းမှ အခွန်ရှောင်ပြီး မသွားလိုတဲ့အတွက် မိမိတို့တောင်းဆိုသည်များကို မူဘောင်အတွင်းမှ အတတ်နိုင်ဆုံးဖြေလျော့ပေးနိုင်သမျှ ထပ်မံ၍ ဖြေလျော့ ပေးပါရန်တောင်းဆိုတင်ပြလိုပါကြောင်း ဧပြီလ ၂၆ ရက်နေ့ မြဝတီကူးသန်း ရောင်းဝယ်ရေးဇုန် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်တဲ့ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးမှာ မြဝတီကုန်သည်အသင်း ဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ်မှဆွေးနွေးတင်ပြခဲ့တယ်လို့သိရပါတယ်။
မြဝတီကူးသန်းရောင်းဝယ်ရေးဇုန်မှ ဒုတိယညွှန်ကြားရေးမှူး ဦးကြည်စိန်က ကုန်သည်လုပ်ငန်းရှင်များ၏ လုပ်ငန်းများအဆင်ပြေစေရန် နိုင်ငံတော်ပိုင်းဖြေလျော့မှုများအနေနဲ့ ယခင်သစ်သီးအစိုအမျိုးမျိုးတင်သွင်းမှု ပိတ်ပင်ထားရာမှ သစ်သီးအမျိုးအစားအလိုက် မိမိနိုင်ငံတွင်ထွက်ရှိချိန်မှအပ ကျန်ကာလများတင်သွင်းခွင့်ပြု လိုက်ကြောင်း၊ အမိန့်အမှတ် (၉/၉၉) (၂/၂၀၀၀) ဖြင့် ကန့်သတ်ထားသောပစ္စည်းများတွင် အရက်၊ ဘီယာ၊ စီးကရက်နှင့် တည်ဆဲဥပဒေအရ ကန့်သတ်ထားသောပစ္စည်းများမှအပ ကျန်ပစ္စည်းများအား တင်သွင်းခွင့်ပြု ထားကြောင်း၊ မတ်လ ၁ ရက်နေ့မှစ၍ ပို့ကုန်ပစ္စည်း ၁၅၂ မျိုးနဲ့ သွင်းကုန်ပစ္စည်း ၁၆၆ မျိုးတို့အား လိုင်စင် လျှောက်ထားရယူရန်မလိုဘဲ တင်ပို့/တင်သွင်းခွင့်ပြုလိုက်ကြောင်း၊ ထပ်မံ၍ ၁၂-၄-၂၀၁၃ ရက်နေ့မှစပြီး ကျပ် လိုင်စင်များကို Earning မလိုဘဲ တင်သွင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း၊ ယခုနောက်ဆုံးဖြေလျော့မှုအနေနဲ့ လုပ်ငန်း လုပ်ကိုင်ခွင့်လျှောက်ထားရာတွင် ရုံးချုပ်တင်ပြရန်မလိုဘဲ လိုအပ်တဲ့အထောက်အထားများပြည့်စုံပါက သက်ဆိုင်ရာစခန်းမှပင် စိစစ်ခွင့်ပြုပေးနိုင်ပြီဖြစ်ကြောင်း၊ ရုံးချုပ်လိုင်စင်ဆောင်ရွက်ရာတွင် လိုအပ်တဲ့စာရွက် စာတမ်းများတောင်းခံမှုတွင်လည်း တင်ပြရမဲ့စာရွက်စာတမ်း နည်းပါးအောင် ဖြေလျော့မှုများရှိပါကြောင်း၊ မကြာခင်တွင်လိုင်စင်ဆောင်ရွက်ရန် လုံးဝမလိုတော့တဲ့ အခြေအနေကို ရောက်ရှိလာသည်အထိဖြေလျော့ရန် စီစဉ်ဆောင်ရွက်နေသည်ဟုကြားသိရပါကြောင်း၊ နိုင်ငံတော်ဘက်မှ ယခုလိုဖြေလျော့ပေးမှုများရှိပြီး ကုန်သည်လုပ်ငန်းရှင်များဘက်မှလည်း တစ်ဦးချင်းခံယူချက်  Mind Set ပြောင်းလဲပြီး တရားဝင်လမ်းကြောင်းပေါ်မှ တင်ပို့တင်သွင်းရန် ကြိုးစားဆောင်ရွက်စေလိုကြောင်းပြောကြားခဲ့တယ်လို့သတင်းရရှိပါတယ်။
ှSource: ကသရ (မဝတ)                                              
MIRT (DCCA)

Border Trade News

Pages