မူပိုင်ခွင့်ဦးစီးဌာနရှိ အရာထမ်း၊ အမှုထမ်းများအတွက် ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်လှစ်သင်ကြား

နေပြည်တော် ၊ ဇွန်လ ၁၅
    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသော အရာထမ်း၊ အမှုထမ်းများအတွက် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအမှတ် စဉ်(၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်တွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၅၂)တွင် ကျင်းပပြုလုပ်ခဲ့ရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က အဖွင့်အမှာစကားပြောကြားခဲ့သည်။
 အဆိုပါ သင်တန်းဖွင့်ပွဲတွင် ညွှန်ကြားရေးမှူးချုပ်က ယခုသင်တန်း၏ ရည်ရွယ်ချက်သည် ဝန်ထမ်းများလိုက်နာဆောင်ရွက်ရမည့် နိုင်ငံဝန်ထမ်းဥပဒေ၊ နည်းဥပဒေပါပြဋ္ဌာန်းချက်များကို သိရှိနားလည်လာပြီး လက်တွေ့လုပ်ငန်းခွင်တွင် မှန်ကန်မြန်ဆန်စွာ ပြန်လည်အသုံးချနိုင်စေရန်နှင့် မူပိုင်ခွင့်ဥပဒေ(၄)ရပ်ကို နားလည်သဘောပေါက်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ခြင်း ဖြစ်ပါကြောင်း၊ မူပိုင်ခွင့်မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များတွင် ဆောင်ရွက်ရမည့် စစ်ဆေးရေးအရာရှိဝန်ထမ်းများ အတွက် လူ့စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်ခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ရန် လိုအပ်မည့်အပြင် ဦးစီးဌာနမှဝန်ထမ်းများအနေဖြင့်လည်း စွမ်းရည်ပြည့်ဝသော ဝန်ထမ်းကောင်းများ ဖြစ်စေရေး အထူးကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ အင်္ဂလိပ်စာနှင့် မူပိုင်ခွင့်ဆိုင်ရာဘာသာရပ်များကို ပိုမိုသိရှိနားလည်စေရန်အတွက်လစဉ် အရည်အချင်းစစ် စာမေးပွဲများကိုလည်း ကြိုးကြိုးစားစား ဖြေစေလိုပါကြောင်း၊ ဦးစီးဌာနမှချမှတ်ထားသည့် မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ရာတွင် အောင်မြင်သည့် အဖွဲ့အစည်း တစ်ခုဖြစ်စေရန် ဝန်ထမ်းအသီးသီး၏ ကြိုးပမ်းမှုဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်တွင် မူပိုင်ခွင့်အကာအကွယ်ပေးခြင်းစနစ် တည်ထောင်ရန်အတွက် စိတ်ဓါတ်ကောင်းမွန်ပြီး ထူးချွန်ကြိုးစားသည့်ဝန်ထမ်းကောင်းများအဖြစ် တာဝန်ထမ်းဆောင်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
  သင်တန်းဖွင့်ပွဲသို့ မူပိုင်ခွင့်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သူ(၄၀)ဦး တက်ရောက်ခဲ့ကြသည်။ သင်တန်းတွင် မူပိုင်ခွင့်ဦးစီးဌာန၏ ဖွဲ့စည်းပုံနှင့်ဆောင်ရွက်မှုများ၊ နိုင်ငံဝန်ထမ်းဥပဒေ၊ နည်းဥပဒေအကြောင်း သိကောင်းစရာများ၊ ရုံးစာရေးသားနည်း၊ ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်းစည်းကမ်းနှင့်လုပ်ထုံးလုပ်နည်းများ၊  မူပိုင်ခွင့်ဥပဒေများနှင့်စပ်လျဉ်းသည့် သိကောင်းစရာများ၊ မူဝါဒနှင့်စီမံကိန်းဆိုင်ရာဆောင်ရွက်မှုများ၊  မူပိုင်ခွင့်မှတ်ပုံတင်ရာတွင် အီလက်ထရောနစ်စနစ် အသုံးပြုမှုဆိုင်ရာသိကောင်းစရာများ၊ လျှောက်လွှာလက်ခံဌာနများ၏လုပ်ငန်းစဉ်များ၊ မူပိုင်ခွင့်ဆိုင်ရာ အေဂျင်စီအကြောင်းသိကောင်းစရာများနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သိကောင်းစရာများကို ပို့ချသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ(၁၅-၆-၂၀၂၆) ရက်နေ့မှ (၁၉-၆-၂၀၂၆) ရက်နေ့အထိ ရုံးပိတ်ရက်မပါ (၄)ရက်ကြာ ဖွင့်လှစ်ပို့ချ သွားမည်ကြောင်းသတင်းရရှိသည်။