“ပထမအကြိမ် အာဆီယံ-ကိုရီးယားလွတ်လပ်သော ကုန်သွယ်မှုဆိုင်ရာ သဘောတူစာချုပ်နှင့် စပ်လျဉ်းသည့် မူပိုင်ခွင့်ဆိုင်ရာလုပ်ငန်းအဖွဲ့အစည်းအဝေး” သို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး တက်ရောက်
နေပြည်တော်၊ ဇွန်လ ၁၅ ရက်
၂၀၂၆ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် ကျင်းပပြုလုပ်သည့် ပထမအကြိမ်မြောက် အာဆီယံ-ကိုရီးယားလွတ်လပ်သော ကုန်သွယ်မှုဆိုင်ရာ သဘောတူစာချုပ်နှင့်စပ်လျဉ်းသည့် မူပိုင်ခွင့်ဆိုင်ရာလုပ်ငန်းအဖွဲ့အစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်တင်မျိုးမြင့် တက်ရောက်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးကို ဒုတိယအကြိမ်မြောက် အာဆီယံ-ကိုရီးယား လွတ်လပ်သော ကုန်သွယ်မှုဆိုင်ရာ သဘောတူစာချုပ် စေ့စပ်ညှိနှိုင်းရေးဆိုင်ရာ ကုန်သွယ်မှုညှိနှိုင်းရေးကော်မတီ အစည်းအဝေး ကာလအတွင်း အခြားသော အာဆီယံ-ကိုရီးယား လွတ်လပ်သော ကုန်သွယ်မှုဆိုင်ရာ သဘောတူစာချုပ်ပါ လုပ်ငန်းအဖွဲ့အစည်းအဝေးများနှင့်အတူ ပူးတွဲကျင်းပခဲ့ပါကြောင်း၊ အဆိုပါ အစည်းအဝေးတွင် အာဆီယံဒေသတွင်း နိုင်ငံများ၏စီးပွားရေး ဖွံဖြိုးတိုးတက်စေရေးအတွက် အထောက်အပံ့ဖြစ်စေရန်နှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ တိုးတက်စေရန်၊ အာဆီယံ-ကိုရီးယား လွတ်လပ်သော ကုန်သွယ်မှုဆိုင်ရာ သဘောတူစာချုပ်ပါ မူပိုင်ခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်များအပေါ် မိမိနိုင်ငံ၏ကျင့်သုံး ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ လုပ်ငန်းစဉ်များကို ဆွေးနွေးနိုင်ရန်၊ အာဆီယံဒေသတွင်း မူပိုင်ခွင့်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများ၊ လုပ်ငန်းစဉ်များနှင့် ဖော်ပြချက်များအား ဆွေးနွေးနိုင်ရန်နှင့် အာဆီယံ-ကိုရီးယား လွတ်လပ်သော ကုန်သွယ်မှုဆိုင်ရာ သဘောတူစာချုပ်ပါ မူပိုင်ခွင့်ဆိုင်ရာပြဋ္ဌာန်းချက်များကို အတည်ပြုနိုင်ရေးအတွက် ဆွေးနွေးနိုင်ရန်ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ပါသည်။
အစည်းအဝေးတွင် ထိုင်းနိုင်ငံမှ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံ၊ မူပိုင်ခွင့်ရုံး မှ တွဲဖက်ဥက္ကဋ္ဌအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ကြပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများရှိ မူပိုင်ခွင့်ရုံးများမှ ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိသည်။
