ဒေသဆိုင်ရာအညွှန်းနှင့်စပ်လျဉ်းသည့် ဥပဒေ၊ နည်းဥပဒေ အသိပညာပေးဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊ မတ်လ ၁၂ ရက်       

          ဒေသဆိုင်ရာအညွှန်းနှင့်စပ်လျဉ်းသည့် ဥပဒေ၊ နည်းဥပဒေ အသိပညာပေးဆွေးနွေးပွဲကို ၂၀၂၆ ခုနှစ် မတ်လ ၁၂ ရက်နေ့၌ ရုံးအမှတ် (၅၂)၊ မူပိုင်ခွင့်ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ် တက်ရောက်အဖွင့်အမှာစကား ပြောကြား သည်။

          အဆိုပါအသိပညာပေးဆွေးနွေးပွဲသို့ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ ဒေသဆိုင်ရာအညွှန်း အလားအလာရှိသော ဆန်စပါးအသင်းများ၊ လက်ဖက်အသင်း၊ သစ်သီးဝလံ၊ ပန်းမန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်း၊ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း၊ မြန်မာနိုင်ငံလက်မှုအသင်းနှင့် ယွန်းထည်အသင်းများမှ တာဝန်ရှိသူ ကိုယ်စားလှယ်များ စုစုပေါင်း( ၅၀ )ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

     ဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ ဒေသဆိုင်ရာအညွှန်း (GI) ဆိုသည်မှာ မူရင်းဒေသကို အထူးဖော်ညွှန်းပြီး၊ အရည်အသွေး၊ ထင်ပေါ်ကျော်ကြားမှု (သို့မဟုတ်) အခြားထူးခြားသော ဝိသေသလက္ခဏာများပါရှိ၍ ကုန်ပစ္စည်း ထွက်ရှိရာနိုင်ငံ၊ နယ်မြေဒေသမှ မူလကတည်းက ထွက်ရှိသော ကုန်ပစ္စည်းဖြစ်ကြောင်း ညွှန်းပြချက် တစ်ခုခုကို ဆိုပါကြောင်း၊ ဒေသဆိုင်ရာအညွှန်းမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် လျှောက်လွှာ ပုံစံသတ်မှတ်ခြင်းများကို အသီးသီးထုတ်ပြန်ခဲ့ပြီဖြစ်ပြီး ဝန်ဆောင်မှုအခကြေးငွေများ ထုတ်ပြန်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံဖြစ်ပြီး  မူရင်းထွက်ရှိရာဒေသ၏ အမည်နှင့်တွဲလျက် နာမည်ကျော်လူကြိုက်များ၍ အရည် အသွေးမြင့်မားသော ကုန်ပစ္စည်းများဖြစ်သည့် ရွှေဘိုပေါ်ဆန်း၊ ပုသိမ်ပေါ်ဆန်း၊ ရွာငံကော်ဖီ၊ ပုဂံ ယွန်းထည်၊ ပုသိမ်ထီး၊ မိုးကုတ်လက်ဖက်၊ ပျဉ်းမနားမျှစ်ချဉ် စသည့်ဒေသထွက်ကုန်များသည် အလားအလာရှိသော ဒေသဆိုင်ရာအညွှန်းထွက်ကုန်များ ဖြစ်ပါကြောင်း၊ ဒေသဆိုင်ရာအညွှန်း မှတ်ပုံတင်ခြင်းများကို လက်ခံဆောင်ရွက်နိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံအတွင်း ဒေသဆိုင်ရာအညွှန်းအလားအလာရှိသော ထုတ်ကုန်၊ ထွက်ကုန်များကို သက်ဆိုင်ရာအသင်းများနှင့်ပူးပေါင်း၍ GI စစ်တမ်း ကောက်ယူသွားမည်ဖြစ်ပါ၍ ပူးပေါင်းဆောင်ရွက် ပေးစေလိုပါကြောင်း၊ ဒေသဆိုင်ရာအညွှန်းမှတ်ပုံတင်ခြင်းစနစ်ကို အကောင်အထည်ဖော်ကျင့်သုံး ခြင်းဖြင့် နိုင်ငံတော်မှထွက်ရှိသော ဒေသထုတ်ကုန်များ၏ အရည်အသွေးများကို မြှင့်တင်နိုင်ခြင်း၊ နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်ခြင်းဖြင့် ဒေသတွင်းရှိ ပြည်သူများ၏ လူမှုစီးပွား ဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေခြင်း၊ ကျေးလက်ဒေသများတွင် အလုပ်အကိုင်ဖန်တီးပေးနိုင်ခြင်း၊ ကမ္ဘာလှည့်ခရီးသွားများအားဆွဲဆောင်နိုင်ခြင်း၊ ရိုးရာအသိပညာများနှင့် အမျိုးသားကိုယ်ပိုင် လက္ခဏာများ၊ ပြည်တွင်းသဘာဝအရင်းအမြစ်များ၊ ယဉ်ကျေးမှုအမွေအနှစ်များအား ထိန်းသိမ်းနိုင်ခြင်းနှင့် ဒေသခံအသိုက်အဝန်းအား ထိန်းသိမ်းစောင့်ရှောက်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

     ဆက်လက်၍ မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာခင်စန္ဒာဝင်းက ဒေသဆိုင်ရာအညွှန်း ဥပဒေ၊ နည်းဥပဒေများနှင့််စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ အဆိုပါ အသိပညာပေး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းခြင်းများအပေါ် တာဝန် ရှိသူများကပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။