ထိန်းချုံးသိပ္ပံပညာရှင်များဖိုရမ်သို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တက်ရောက်
နေပြည်တော်၊ ဒီဇင်ဘာလ ၈ ရက်
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိန်းချုံးမြို့တွင် ကျင်းပပြုလုပ်သည့် ထိန်းချုံးသိပ္ပံပညာရှင်များဖိုရမ်သို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ပါသည်။
ဖိုရမ်ကို တရုတ်နိုင်ငံနှင့်အရှေ့တောင်နှင့် အရှေ့တောင်အာရှနိုင်ငံများရှိ တက္ကသိုလ်များ၊ စက်မှုလုပ်ငန်းများနှင့်အစိုးရတို့အကြား မူပိုင်ခွင့်ဆိုင်ရာအပြန်အလှန်ဆွေးနွေးမှုများကို ပြုလုပ်နိုင်ရန်၊ တီထွင်ကြံဆလိုသည့် စိတ်ဓာတ်များမြှင့်တင်ပေးနိုင်ရန်၊ ရေရှည်တည်တံ့သော စီးပွားရေးနှင့်လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင်ရန်၊ မူပိုင်ခွင့်စနစ် အကောင်အထည်ဖော်မှု၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှုတို့အတွက် အထောက်အပံ့ကောင်းများ ရရှိစေနိုင်ရန်နှင့် သိပ္ပံနှင့်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ရန်တို့အတွက် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။
အဆိုပါ ဖိုရမ်တွင် မြန်မာနိုင်ငံ၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်အနေဖြင့် နည်းပညာလွှဲပြောင်းခြင်းဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးတွင် မူပိုင်ခွင့်ကဏ္ဍ၏အရေးပါမှုကို Speaker အဖြစ် ပါဝင်၍ တင်ပြဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိခဲ့ပါသည်။
