မြန်မာ - တရုတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး တွေ့ဆုံဆွေးနွေးပွဲ- The Soul Treasure of Myanmar ကျင်းပ

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း စီစဉ်မှုဖြင့် မြန်မာ - တရုတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး တွေ့ ဆုံဆွေးနွေးပွဲ - The Soul Treasure of Myanmar ကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့၊ ၁၀:၀၀ နာရီအချိန်တွင် တရုတ်ပြည်သူ့သမ္မ တနိုင်ငံ၊ နန်နင်းမြို့ရှိ  နန်နင်းကုန်သွယ်ရေးကိုယ်စားလှယ်ရုံး၌ ကျင်းပပြုလုပ်ခဲ့ပါ သည်။ 

      အဆိုပါအခမ်းအနားတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေက အဖွင့်အမှာစကားပြောကြားရာမြန်မာ့ကျောက်စိမ်းသည် တရုတ်နိုင်ငံတွင် လူသိများ ထင်ရှား၍ ဈေးကွက်ရရှိပြီးဖြစ်သည့် ထုတ်ကုန်တစ်ခုဖြစ်ပါကြောင်း၊ မြန်မာ့အရည်အသွေးမြင့် ကျောက်မျက်ရတနာများဖြစ်သည့် ပတ္တမြားနှင့် နီလာတို့ကိုလည်း တရုတ်နိုင်ငံ ဈေးကွက်ထိုးဖောက် ဝင်ရောက်နိုင်ရန်ရည်ရွယ်၍ ယနေ့ အခမ်းအနားကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ကမ္ဘာတွင် ထင်ရှားကျော်ကြားသည့် မြန်မာ့ပတ္တမြားသည် မြန်မာနိုင်ငံ၊ မိုးကုတ်ဒေသမှ အဓိကထွက်ရှိပြီး အဆိုပါ မိုးကုတ်ပတ္တမြားကို ရှေးမြန်မာဘုရင်များလက်ထက်ကတည်းက တော်ဝင်နန်းသုံးရတနာ အဖြစ် တန်ဖိုးထားအသုံးပြုခဲ့ကြပါကြောင်း၊ နီလာကို သီရိလင်္ကာ၊ ဩစတြေးလျ၊ ကက်ရှ်မီးယား၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီယားနှင့် အမေရိကန်နိုင်ငံတို့တွင်ထွက်ရှိပြီး မြန်မာ့နီလာမှာ ကမ္ဘာပေါ်တွင် ဒုတိယမြောက် အရည်အသွေးအကောင်းဆုံးဖြစ်ပါကြောင်း၊ ယနေ့အခမ်းအနားကို တရုတ်နိုင်ငံ၊ ကွမ်ရှီး၊ ကွမ်တုံ၊ ဟူနန်၊ ယူနန်၊ ဟိုင်နန်၊ ဟောင်ကောင်၊ မကာအိုနှင့် အခြားဈေးကွက်အလားအလာ ရှိသောဒေသများမှ ကုန်သည်လုပ်ငန်းရှင်များနှင့် အသင်းအဖွဲ့ကိုယ်စားလှယ်များ ပါဝင်တက်ရောက် ကြသည့်အတွက် မြန်မာ့ပတ္တမြားနှင့် နီလာကုန်သည်လုပ်ငန်းရှင်များနှင့် ဈေးကွက်ချိတ်ဆက်နိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့ပါသည်။

    ဆက်လက်၍ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (ရန်ကုန်) မှ ဥက္ကဋ္ဌ ဦးအောင်ကျော်ဇင် ကမြန်မာ့ပတ္တမြားနှင့် နီလာ တရုတ်နိုင်ငံဈေးကွက်ရရှိရေးဆိုင်ရာ အချက်အလက်များကို ရှင်းလင်း တင်ပြဆွေးနွေးခဲ့ပြီး ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (ရန်ကုန်)နှင့် မြန်မာကုန်သွယ်ရေး စင်တာ (ဟိုင်နန်) တို့အကြား တရုတ်နိုင်ငံတွင် မြန်မာ့ကျောက်မျက်ရတနာ ဈေးကွက်မြှင့်တင်ရေး ပူးပေါင်းဆောင် ရွက်မှုဆိုင်ရာ သဘောတူညီချက်စာလွှာအား လဲလှယ်ခဲ့ကြပါသည်။ ထို့နောက် ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (ရန်ကုန်)မှ တာဝန်ရှိသူများက ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့အား ခင်းကျင်းပြသထားသည့် ကျောက်မျက်ရတနာများကို လိုက်လံရှင်းလင်း ပြသခဲ့ကြပြီး တက်ရောက်လာသည့် စီးပွားရေးလုပ်ငန်းရှင်များအကြား တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

    အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံလက်ဖက်အသင်းမှ လုပ်ငန်းရှင်များ ပါဝင်တက်ရောက်ခဲ့ ကြပြီး မြန်မာ့လက်ဖက်နှင့် လက်ဖက်ခြောက်များကို  ခင်းကျင်းပြသခြင်း၊ အမြည်းတိုက်ကျွေးခြင်း အစီအစဉ်ကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။