‌တောင်ငူမြို့နယ်အတွင်းရှိ နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

Tue, 02/07/2023 - 09:55 -- comsumer

      ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် ကျေးရွာအုပ်စု ၂၁ အုပ်စုမှ တောင်သူ လယ်သမား ၉၃၉ ဦးတို့သည် ဆောင်းနေကြာများကို စိုက်ပျိုးလျက်ရှိရာ နေကြာသီးသန့် ၄၁၈ ဧက၊ သီးညှပ် ၃၃၂၀ ဧက၊ စုစုပေါင်းဆောင်းနေကြာ ၃၇၃၈ ဧကစိုက်ပျိုးထားကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းဇယားများအရ သိရသည်။

     စစ်တောင်းမြစ်သည် တောင်ငူမြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းနေသောကြောင့် ဆောင်း ရာသီ မြစ်ရေကျချိန်၌ စစ်တောင်းမြစ်ကမ်းရှိ ကျေးရွာများတွင် နေကြာကို သီးသန့်စိုက်ခင်းများဖြင့် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ ဒိုးအင်းကျေးရွာအုပ်စုနှင့် ကရင်ချောင်းကျေးရွာအုပ်စုများတွင် စိုက်ပျိုးရေးဦးစီးဌာနက နေကြာ မျိုးကောင်းမျိုးသန့်ရရှိရန် ကူညီဆောင်ရွက်ပေးခြင်း၊ သွင်းအားစု ဓါတ်မြေဩဇာများအား သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးခြင်း၊ စိုက်ပျိုးရေးနည်းစနစ်များ၊ ပိုးမွှားကာကွယ်နိုင်သည့် နည်းပညာများပေးခြင်းတို့ကြောင့် နေကြာစိုက်တောင်သူများ ပိုမိုများပြား လာကြောင်း သိရသည်။

          ဒိုးအင်းကျေးရွာအုပ်စုတွင် ယခင်နှစ်က ဆောင်းနေကြာသီးသန့် ၈ ဧကနှင့် သီးညှပ် ၅၁ ဧက စိုက်ပျိုးခဲ့ရာမှ ယခုနှစ်တွင် ဆောင်းနေကြာသီးသန့်  ၂၃၈ ဧကနှင့်သီးညှပ် ၆၁၈ ဧကအထိ စိုက်ပျိုးလာ ကြကြောင်း၊ တောင်ငူမြို့နယ်တွင် ယခင်နှစ်က ဆောင်းနေကြာ ၁၈၈ ဧကသာ စိုက်ပျိုးခဲ့ပြီး ယခုနှစ် တွင် ၃၇၃၈ ဧကအထိ စိုက်ပျိုးလာကြရာ ‌အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ မကြာခင်အချိန်တွင် နေကြာသီးနှံများ ရိတ်သိမ်းမည်ဖြစ်ကြောင်း သိရသည်။

DOCA (ပဲခူး)

Local Trade News

Pages