ပန်းတော်ပြင်ကျေးရွာ၌ မိုးနှမ်းစိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိ

Thu, 09/12/2024 - 07:36 -- mocadmin

   မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်၊ ပန်းတော်ပြင်ကျေးရွာတွင် ဆီထွက်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိပြီး နှမ်းသီးနှံများကို မိုးနှမ်းနှင့် ဆောင်းနှမ်းဟူ၍ နှစ်စဉ်စိုက်ပျိုး လျက်ရှိရာ ယခုနှစ်တွင် မိုးနှမ်းစိုက်ဧက ၈၅၀ ဧက စိုက်ပျိုးထားရှိကြောင်း၊ မေလတွင် စတင်စိုက် ပျိုးပြီး ဩဂုတ်လတွင် ရိတ်သိမ်းကြောင်းသိရသည်။ မျိုးအနေဖြင့် နှမ်းနီမျိုးစိုက်ပျိုးပြီး ထွန်ကြောင်း ဆွဲ အစေ့ချစနစ်ဖြင့် စိုက်ပျိုးကြကာ တစ်ဧကလျှင် နှမ်းမျိုး နှစ်ပြည်ခွဲခန့်ကုန်ကျကြောင်း၊  စိုက်ပျိုး ထုတ်လုပ်မှုအတွက် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် နှမ်းခင်းအတွင်း မြက်ပေါင်းရှင်းခအပေါ် မူတည်၍ တစ်ဧကလျှင် ငွေကျပ် ၃၅၀,၀၀၀-၅၀၀,၀၀၀ ကုန်ကျပြီး တစ်ဧကလျှင် ၁၂ တင်းခန့်ထွက် ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် နှမ်းနီတစ်တင်းလျှင် ငွေကျပ် ၁၁၅,၀၀၀ ဖြင့် ရောင်းချရပြီး အကျိုး အမြတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ် ၈ သိန်းမှ ၁၀ သိန်းခန့်အထိ ရရှိကြောင်းသိရသည်။

   ပြည်တွင်းဈေးကွက် အနေဖြင့် အထက်မင်းလှမြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချပြီး ထိုမှ တစ်ဆင့် ရန်ကုန်မြို့သို့ တင်ပို့ကြောင်း၊ ပြည်ပဈေးကွက် အနေဖြင့် ရန်ကုန်မြို့မှတစ်ဆင့် တရုတ်နှင့် ကိုရီးယားနိုင်ငံတို့သို့ တင်ပို့ကြောင်း၊ ပြည်တွင်းစားသုံးမှုမြင့်မားပြီး ပြည်ပဝယ်လိုအားကောင်း၍ ဈေးကွက်ခိုင်မာမှုရှိသော နှမ်းသီးနှံများ ယခုနှစ်တွင် ဈေးနှုန်းမြင့်တက်ကာ အရောင်းအဝယ်ဖြစ် လျက်ရှိသောကြောင့် နှမ်းစိုက်တောင်သူများ အကျိုးအမြတ်ရရှိကြောင်း သိရှိရသည်။

DOCA (မကွေး)

Local Trade News

Pages