နှစ်ရှည်သီးနှံ ဩဇာပင်စိုက်ပျိုးခြင်းဖြင့် တောင်သူများ အကျိုးအမြတ်ရရှိ

Fri, 10/04/2024 - 04:27 -- mocadmin

   မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ ကျွဲသိုးမြှောင်၊ ထောက်ရှာပင်၊ ကျောက်တန်းနှင့် ရေမြက်ကျေးရွာများတွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ နှစ်ရှည်သီးနှံတစ်မျိုး ဖြစ် သည့် ဩဇာသီးနှံကို စီးပွားဖြစ်စိုက်ပျိုးကြကြောင်း သိရသည်။

   ဩဇာပင်ကို မိုးဦးကျကာလများဖြစ်သည့် ဇွန်လနှင့်ဇူလိုင်လများတွင် စိုက်ပျိုးပြီး ၅ နှစ် အကြာတွင် အသီးများ စတင်ခူးဆွတ်ရကြောင်း၊ မျိုးအနေဖြင့် ဩဇာသီး အညိုရောင်မျိုးနှင့် အစိမ်းရောင်မျိုးများဖြစ်ပြီး အစိမ်းရောင်မျိုးကို  အများဆုံးစိုက်ပျိုးကြကြောင်း၊  စိုက်ပျိုးရာတွင် ဩဇာစေ့ကို ပျိုးထောင်၍ ၆ လသားအရွယ်တွင် ၈ ပေအကွာ စိုက်ကျင်းများ၌ မြေချစိုက်ပျိုးရပြီး တစ်ဧကလျှင် ဩဇာပင် ၂၅၀ ကျော်ခန့် စိုက်ပျိုးနိုင်ကြောင်း၊ ဩဇာပင်သည် နှစ်ရှည်သီးနှံဖြစ် သောကြောင့် နှစ်စဉ်ပြုစုပျိုးထောင်ရပြီး စတင်စိုက်ပျိုးသည်မှ အသီးခူးဆွတ်ရသည်အထိ တစ်ဧက လျှင် ကုန်ကျစရိတ် ငွေကျပ် ၃၅ သိန်းခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် ဩဇာပင်တစ်ပင် လျှင် အလုံးရေ ၆၀-၈၀ ထွက်ရှိပြီး တစ်ဧကလျှင် ဩဇာသီးအလုံးရေ ၁၅,၀၀၀-၂၄,၀၀၀ ခန့် ထွက်ရှိရာ မြေအနေအထားနှင့် သီးနှံဖြစ်ထွန်းအောင်မြင်မှုအပေါ်မူတည်၍ အထွက်နှုန်းများ ကွာခြား မှုရှိပြီး ဈေးနှုန်းအနေဖြင့် စက်တင်ဘာလ နောက်ဆုံးပတ်တွင် ဩဇာသီးတစ်ပိဿာလျှင် လက်ကား ဈေးငွေကျပ် ၃,၀၀၀-၄,၀၀၀ ဖြင့်လည်းကောင်း၊ ဩဇာသီး အလုံးအရွယ်အစားအပေါ် မူတည်၍ တစ်လုံးလျှင် လက်ကားဈေး ငွေကျပ် ၂၅၀-၃၀၀ ဖြင့်လည်းကောင်း အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း၊ ဈေးကွက်အနေဖြင့်  မကွေး၊ မင်းဘူး၊ ပွင့်ဖြူ၊ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့များရှိ သစ်သီးဆိုင်များသို့ တင်ပို့ရောင်းချပြီး တစ်ဧကလျှင် ငွေကျပ် ၂၅ သိန်းခန့် အမြတ်ရရှိကြောင်း၊ ယခုနှစ်တွင် မိုးရွာသွန်းမှု များပြားသောကြောင့် ဩဇာသီးအထွက်နှုန်း အနည်းငယ်လျော့နည်း သော်လည်း ဈေးနှုန်းကောင်းမွန်သည့်အတွက် ထိုက်သင့်သည့် အကျိုးအမြတ်များရရှိကာ အဆင်ပြေ လျက်ရှိကြောင်း တောင်သူတစ်ဦးထံမှ သိရှိရသည်။

DOCA (မကွေး)

Local Trade News

Pages