၂၀၂၄ ခုနှစ်တွင် ဗီယက်နမ် စီးပွားရေးတိုးတက်မှု ၆ % ရှိမည်ဟုခန့်မှန်း

Mon, 01/15/2024 - 03:33 -- wtodep

အာရှဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ထုတ်ပြန်ခဲ့သော အာရှတိုးတက်မှု အလားအလာ (Asia Development Outlook) အစီရင်ခံစာအရ ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှု သည် ၂၀၂၃ ခုနှစ်အတွင်း ၅.၂ % နှင့် ၂၀၂၄ ခုနှစ်အတွင်း ၆ % ရှိမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ ၂၀၂၃ ခုနှစ်အတွက် စီးပွားရေးတိုးတက်မှုကို မူလက ၅.၈ % ရှိမည်ဟု ခန့်မှန်းခဲ့သော်လည်း စက်မှုကဏ္ဍနှင့်ဝန်ဆောင်မှုကဏ္ဍများတွင် ပြည်ပဝယ်လိုအားကျဆင်းမှု၊ ပြည်တွင်းစားသုံးမှု နှင့် အလုပ်အကိုင်ရရှိမှုတွင် နှေးကွေးစွာ ပြန်လည်နလံထူလာမှုတို့ကြောင့် တိုးတက်မှုနှုန်း ကျဆင်းသွားခြင်းဖြစ်ပါသည်။

အစီရင်ခံစာက ဗီယက်နမ်၏ ငွေကြေးဖောင်းပွမှုကို တားမြစ်ရန် ဓာတ်ဆီ၊ လျှပ်စစ်၊ စားနပ်ရိက္ခာ၊ ကျန်းမာရေး၊ ပညာရေးစရိတ်များအား ထိန်းချုပ်ခြင်းအပါအဝင် ပြင်ဆင်ခဲ့သည့် ငွေကြေးမူဝါဒများကို အသိအမှတ်ပြုခဲ့ပြီး ၂၀၂၃ ခုနှစ်အတွက် ငွေကြေးဖောင်းပွမှုနှုန်းမှာ ၃.၈ % နှင့် ၂၀၂၄ ခုနှစ် အတွက် ၄.၀ % ရှိမည်ဖြစ်ကြောင်း ခန့်မှန်းထားပါသည်။

ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက်တွင်မူ ဗီယက်နမ် စက်မှုကုန်ထုတ်လုပ်ငန်းများသည် ၂၀၂၃ခုနှစ်၊ ဧပြီလ မှစ၍ နှေးကွေးစွာ တိုးတက်နေမည်ဖြစ်ကြောင်း၊ လစဉ် စက်မှုကုန်ထုတ်ညွှန်းကိန်းသည် အောက်တိုဘာလတွင် ၂.၈% နှင့် နိုဝင်ဘာလတွင် ၂.၇ % တိုးတက်ခဲ့ကြောင်း၊ နှစ်အလိုက် စက်မှုကုန်ထုတ် ညွှန်းကိန်းသည် ၅.၈ % တိုးတက်ခဲ့သော်လည်း ကိုဗစ်မတိုင်မီ ၂၀၁၈-၂၀၁၉ ကာလ တိုးတက်မှုနှုန်း ၉.၉%ကို မမှီသေးကြောင်း ၊ စက်မှုကုန်ထုတ်တိုးတက်မှုများသည် အဓိကပို့ကုန်များဖြစ်သည့် အထည်အလိပ်နှင့် အဝတ်အထည်၊ ပရိဘောဂ၊ လျှပ်စစ်ပစ္စည်းနှင့် ကိရိယာများ တိုးမြှင့်ထုတ်လုပ်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ ပြည်တွင်းစားသုံးမှုအတွက် စားသောက်ကုန်နှင့် အဖျော်ယမကာထုတ်လုပ်မှုသည်လည်း ၂ % နှင့် ၅.၂ % အသီးသီးတိုးတက်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

ဆက်လက်၍ ကမ္ဘာ့ဘဏ်က နိုဝင်ဘာလအတွင်း ဗီယက်နမ်ပို့ကုန်တင်ပို့မှု တိုးတက်ခြင်းသည် ဆန်၊ ကော်ဖီ၊ သစ်သီးနှင် ဟင်းသီးဟင်းရွက်စသည့် လယ်ယာထွက်ကုန်များ၊ လျှပ်စစ်ပစ္စည်းများ၊ စက်ပစ္စည်းများ၊ ဖိနပ်နှင့်သားရေထုတ်ကုန်များ၊ ပရိဘောဂများကြောင့်ဖြစ်ပြီး သွင်းကုန်တိုးမြှင့်မှုသည် ပို့ကုန်အတွက် လိုအပ်သောကုန်စည်များအား စုစုပေါင်းသွင်းကုန်၏ ၉၄%ခန့် တင်သွင်းခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ ၂၀၂၃ခုနှစ်၊ ၁၁ လအတွင်း စုစုပေါင်း ပို့ကုန်နှင့်သွင်းကုန်တို့သည် ပြီးခဲ့သည့်နှစ် ကာလတူထက် ၅.၉% နှင့် ၁၀.၇%  လျော့ချတင်သွင်းထား ကြောင်း ဖော်ပြခဲ့ပါသည်။

၂၀၂၃ ခုနှစ်၏ ၁၁ လအတွင်း စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏသည် ပြီးခဲ့သည့်နှစ် ကာလတူထက် ၁၄.၈ % ပိုမိုတိုးတက်ကာ အမေရိကန်ဒေါ်လာ ၂၈.၈ ဘီလီယံ ရရှိခဲ့ကြောင်း၊ သို့သော် ကိုဗစ်မတိုင်မီကာလထက် ၁၀%  လျော့နည်းဆဲဖြစ်ကြောင်း၊ ထုတ်လုပ်မှုသည် အသစ်ဝင်ရောက်လာသော မတည်ရင်းနှီးငွေများ၏ ၆၀ % ရှိကြောင်း ဖော်ပြထားပါသည်။

၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ၏ စားသုံးသူဈေးဆညွှန်းကိန်း(Consumer Price Index–CPI)သည် ၃.၅% ဖြင့် ၂၀၂၃ ခုနှစ် တနှစ်လုံး ရည်မှန်းချက် ၄.၅ % နှင့် အောက်တိုဘာလ၏ ညွှန်းကိန်း ၃.၆ % ထက် လျော့နည်းခဲ့ပါသည်။ ချေးငွေတိုးတက်မှုသည် အောက်တိုဘာလတွင် ၉.၃ % နှင့် နိုဝင်ဘာလတွင် ၁၀.၃ % အသီးသီးတိုးတက်ခဲ့သော်လည်း ဗီယက်နမ်ဗဟိုဘဏ်၏ မျှော်မှန်းချက် ၁၄.၅ % ထက် လျော့နည်းဆဲဖြစ်ပါသည်။

ဗီယက်နမ်စီးပွားရေးသည် အတားအဆီးများ ကြုံတွေ့နေရဆဲဖြစ်သောကြောင့် အစိုးရတာဝန်ရှိသူများသည် ရည်မှန်းထားသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အပြည့်အဝ အကောင်အထည်ဖော်ပြီး စုစုပေါင်းဝယ်လိုအားတိုးတက်စေရန် ၂၀၂၂ - ၂၀၂၃ ခုနှစ်၏ စီးပွားရေးအထောက်အကူပြု အစီအစဉ်များကိုလာမည့်နှစ်တွင်လည်း ဆက်လက်ကျင့်သုံးသွားရန် ကမ္ဘာဘဏ်က အကြံပြုထားပါသည်။ စီးပွားရေးနှေးကွေးချိန်တွင် ငွေကြေးကဏ္ဍအားနည်းချက်များကို သတိထားရန်နှင့် ရေရှည်စီးပွားရေးတိုးတက်ရန်နှင့် ရေတိုစီးပွားရေး တည်ငြိမ်စေရန် အိမ်ခြံမြေဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးရန် အစီရင်ခံစာက အကြံပြုထားပါသည်။

Source: https://vccinews.com

International Trade News

Pages