အရှေ့တောင်အာရှနိုင်ငံများသည် ဥရောပသမဂ္ဂ၏ ရည်မှန်းချက်များကိုဆန့်ကျင်လျှက် အသိဉာဏ်တုဆိုင်ရာ စည်းမျဉ်းများအပေါ် လက်ရှောင်နေကြခြင်း

Tue, 10/24/2023 - 03:44 -- wtodep

အသိဉာဏ်ရည်တုဆိုင်ရာစည်းမျဉ်းများနှင့်စပ်လျဉ်း၍ အရှေ့တောင်အာရှနိုင်ငံများက စီးပွားရေး လုပ်ငန်းများလုပ်သာကိုင်သာရှိရန်သာ ဆောင်ရွက်နေမှုသည် ဥရောပသမဂ္ဂ၏ တင်းကြပ်သော မူဘောင်များဖြင့် ကမ္ဘာနှင့်အဝှမ်း တပြေးညီစည်းမျဉ်းများချမှတ်ရန် တွန်းအားပေးမှုကိုအား လျော့စေပါသည်။

အာဆီယံအဖွဲ့၏ လျှို့ဝှက်အဆင့် မူကြမ်းဖြစ်သော “ အသိဉာဏ်တုဆိုင်ရာကျင့်ဝတ်များနှင့် အုပ်ချုပ်မှုစနစ်လမ်းညွှန် (guide to AI ethics and governance) ” အကြောင်းကို အများပြည်သူသို့ ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း ခိုင်မာသောရင်းမြစ်များအရ အဆိုပါ မူကြမ်းကို နည်းပညာကုမ္ပဏီများဖြစ်သော Meta ၊ IBMနှင့် Googleတို့ထံ ဖြန့်ဝေထားပြီး ၎င်းတို့၏ သဘောထားမှတ်ချက်များကို တောင်းခံထားကြောင်း၊ နောင်နှစ် ဇန်နဝါရီလတွင် ကျင်းပမည့် အာဆီယံဒီဂျစ်တယ်ဝန်ကြီးများအဆင့်အစည်းအဝေး၌ အပြီးသတ်နိုင်မည်ဖြစ်ကြောင်း ဂျပန်သတင်းဌာနJapantimes က ဖော်ပြထားပါသည်။

ဥရောပသမဂ္ဂအရာရှိများသည် ယခုနှစ်အစောပိုင်းက အာရှနိုင်ငံများသို့ သွားရောက်၍ မူပိုင်ခွင့် ပြုလုပ်ထားသောအကြောင်းအရာများ AI မှ ဖန်တီးထားသောအကြောင်းအရာများအပေါ် နည်းပညာဆိုင်ရာကုမ္ပဏီများက အသိဉာဏ်ရည်တုစည်းမျဉ်းအသစ်များတိုင်း ဆောင်ရွက်ရေး အစိုးရများမှ တိုက်တွန်းရန် ကြိုးပမ်းခဲ့ကြပါသည်။

သို့သော် ဥရောပသမဂ္ဂ၏ အသိဉာဏ်ရည်တုဆိုင်ရာဥပဒေနှင့် ဆန့်ကျင်လျက် အာဆီယံနိုင်ငံများ၏ အသိဉာဏ်ရည်တု ဆိုင်ရာလမ်းညွှန်(မူကြမ်း)တွင် ကုမ္ပဏီများအနေဖြင့် နိုင်ငံများ၏ ယဉ်ကျေးမှုဆိုင်ရာ ကွာဟချက်များကို ထည့်သွင်း စဉ်းစားရန်သာ ဖော်ပြထားပြီး လက်မခံနိုင်သည့် စွန့်စားရမှုများအား ပြဌာန်းထားခြင်းမရှိပါ။ အာဆီယံ၏ မူဝါဒအတိုင်းအသိဉာဏ် ရည်တုဆိုင်ရာလမ်းညွှန်သည် ဆန္ဒအလျောက်သာ လိုက်ပါရန်နှင့် ပြည်တွင်းဥပဒေများကို ထိန်းကြောင်းရန်သာဖြစ်ပါသည်။

လူဦးရေသန်း ၇၀၀ ခန့်၊ လူမျိုးစုနှင့် ယဉ်ကျေးမှုပေါင်းထောင်ကျော်ရှိသည့် အရှေ့တောင်အာရှ နိုင်ငံများအတွင်း ဆင်ဆာဖြတ်တောက်မှု၊ သတင်းမှားများ၊ အများသူငှာနှင့် သက်ဆိုင်သည့် အကြောင်းအရာများနှင့်အမုန်းစကားများဆိုင်ရာဥပဒေများသည် ကွဲပြားလျှက်ရှိသောကြောင့် အသိဉာဏ်ရည်တုဆိုင်ရာစည်းမျဉ်းများအပေါ် အကျိုးသက်ရောက်နိုင်ပါသည်။ ဥပမာအားဖြင့် ထိုင်းနိုင်ငံတွင် ၎င်း၏ ဘုရင်စနစ်အပေါ် ဝေဖန်ခြင်းကိုဥပဒေဖြင့် တားမြစ်ထားပါသည်။

ရှုတ်ထွေးသော တည်ဆဲဥပဒေများနှင့်တီထွင်မှုများကို အားပေးသော ဒေသတွင်းစည်းမျဉ်းများနှင့်ကိုက်ညီရန်မှာ ခက်ခဲသောကြောင့် အာဆီယံ၏ ယခုကဲ့သို့ လက်ရှောင်နေခြင်းသည် နည်းပညာလုပ်ငန်းများအတွက် ပိုမိုအဆင်ပြေစေကြောင်း နည်းပညာဆိုင်ရာ ကုမ္ပဏီများက ပြောကြားသကဲ့သို့ IBM ၏ အာရှဒေသအစိုးရရေးရာ ဒုဥက္ကဌ Stephen Braim က အာဆီယံ၏ ယခုလမ်းညွှန် (မူကြမ်း) သည် အမေရိကန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စံချိန်စံညွှန်းနှင့်နည်းပညာဆိုင်ရာ အမျိုးသားတက္ကသိုလ်မှ ပြဌာန်းသော အသိဉာဏ်ရည်တု အန္တရာယ်စီမံခန့်ခွဲမှုမူဘောင် (National Institute of Standards and Technology - NIST AI Risk Management Framework) နှင့်ကိုက်ညီကြောင်း ပြောကြားခဲ့ပါသည်။ Meta နှင့် Google က သဘောထားမှတ်ချက် မပေးသေးပါ။

အသိဉာဏ်ရည်တုဆိုင်ရာ လမ်းညွှန်(မူကြမ်း)ကို အခါအားလျော်စွာ ပြန်လည်သုံးသပ်ရမည်ဖြစ်ပြီး အစိုးရများအနေနှင့် ကုမ္ပဏီများကိုထောက်ပံ့ရန် သုတေသနနှင့် ဖွံ့ဖြိုးရေးရန်ပုံငွေများထားရှိခြင်း၊ အာဆီယံဒီဂျစ်တယ်ဝန်ကြီးများ လုပ်ငန်းအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခြင်းတို့ကိုလုပ်ဆောင်ရန်၊ ကုမ္ပဏီများကလည်း စွန့်စားရမှုအကဲဖြတ်ချက်များ၊ အသိဉာဏ်ရည်တု အုပ်ချုပ်မှု ဆိုင်ရာသင်တန်းများထားရှိပြီး ဒေသဆိုင်ရာအုပ်ချုပ်သူများနှင့် အသေးစိတ်ညှိနှိုင်းရန် ဖော်ပြ ထားပါသည်။ အရာထမ်းတစ်ဦးက လမ်းညွှန်ချက်ကို ပိုမိုလုံခြုံသော အသိဉာဏ်ရည်တုဖြစ်စေရန် အကာအရံအဖြစ် ရှုမြင်ကြောင်းနှင့် တီထွင်မှုကိုလည်း လိုအပ်ကြောင်း ပြောကြားခဲ့သည်။

လမ်းညွှန်ချက်က အသိဉာဏ်ရည်တုကိုသတင်းမှားများ၊ အတုအယောင်များအတွက် အသုံးပြုနိုင်သည့် အန္တရာယ်ရှိကြောင်းနှင့် အကောင်းဆုံးတုန့်ပြန်နိုင်ရန်မှာ သက်ဆိုင်ရာနိုင်ငံများ၏ တာဝန်ဖြစ်ကြောင်း သတိပေးထားပါသည်။

ဂျပန်နှင့်တောင်ကိုရီးယားကဲ့သို့ ကျန်အာရှနိုင်ငံများကလည်း အသိဉာဏ်ရည်တုဆိုင်ရာ စည်းမျဉ်းအပေါ် သက်တောင့်သက်သာ အနေအထားရှိပြီး အဖွဲ့ဝင်နိုင်ငံပေါင်း ၂၇ နိုင်ငံစလုံးက တူညီသောစံချိန်စံညွှန်းဖြင့် အသိဉာဏ်ရည်တုစည်းမျဉ်းကို ကျင့်သုံးရန် ဥရောပသမဂ္ဂ၏ ရည်မှန်းချက်အပေါ်လည်း သံသယရှိနေကြပါသည်။

ဥရောပသမဂ္ဂ၏ တွန်းအားပေးမှုအပေါ် ဘရပ်ဆဲလ်ကလည်းစိုးရိမ်နေပြီး လျှင်မြန်စွာတိုးတက်နေသော အသိဉာဏ်ရည်တုနှင့်နိုင်ငံသား အခွင့်အရေး၊ လုံခြုံမှုတို့အပေါ် ၎င်း၏ အကျိုးသက်ရောက်မှုရှိနေခြင်းက လက်ရှိအဆိုပြုထားသော ဥပဒေအပေါ် ထိန်းချုပ်နိုင်မှုနှင့် ဥပဒေစိုးမိုးရေးတို့တွင် စွန့်စားရမှုများ ရှိနေစေပါသည်။

အာဆီယံအနေဖြင့် ဥပဒေပြုပိုင်ခွင့်မရှိသောကြောင့် အဖွဲ့ဝင်နိုင်ငံများက နိုင်ငံအလိုက် မူဝါဒချမှတ်ကြသဖြင့် ဥရောပသမဂ္ဂနှင့် လမ်းကြောင်းတူညီမှုမရှိပါ။ ကမ္ဘာနှင့်အဝှမ်းသဘောတူညီ သောအသိဉာဏ်ရည်တုဆိုင်ရာ စည်းမျဉ်းများချမှတ်ရေးအတွက် ဥရောပသမဂ္ဂ၏ကြိုးပမ်းမှုသည် ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်း ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံများက စိတ်ပါဝင်စားခဲ့သော အချက်အလက် အကာအကွယ်ပေးရေးဥပဒေအတွက် ၎င်း၏ကြိုးပမ်းအားထုတ်ခဲ့မှုနှင့် ဆန့်ကျင်နေပါသည်။

ဥရောပသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူက ဆင်တူသောစည်းမျဉ်းများချမှတ်ရန် အရေးကြီးကြောင်း၊ မိမိတို့အနေဖြင့်ကွဲပြားသော ယဉ်ကျေးမှုအခြေအနေများကြောင့် အပြည့်အဝတူညီသော စည်းမျဉ်းများချမှတ်ရန် မဖြစ်နိုင်သည်ကိုသိရှိကြောင်း၊ သို့သော်အခြေခံစည်းမျဉ်းများ အနီးစပ်ဆုံး ဆင်တူရေးမှာမူ အရေးကြီးပါကြောင်း၊ ပိုမိုကျယ်ပြန့်သော ကိစ္စရပ်များအတွက်လည်း အရှေ့တောင်အာရှနိုင်ငံများနှင့် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

နယ်သာလန်ဒီဂျစ်တယ်ပြုလုပ်ရေးဝန်ကြီး (minister for digitalization) Alexandra van Huffelen က အသိဉာဏ်ရည်တုကို အမြဲအသုံးပြုသွားမည်ဆိုပါက လူ့အခွင့်အရေးအတွက် တူညီသောအခြေခံစည်းမျဉ်းများ လိုအပ်ပါကြောင်း၊ ကွဲပြားခြားနားမှုများကို ပေါင်းကူး၍မရ ရုံဖြင့် ရည်မှန်းချက်များမှာ အလှမ်းမဝေးပါကြောင်း ပြောကြားခဲ့ပါသည်။

Source: https://www.japantimes.co.jp/

International Trade News

Pages