အခြေခံအဆောက်အအုံကို တိုးမြှင့်ဆောင်ရွက်ဖို့ အင်ဒိုနီးရှားခရီးသွားလုပ်ငန်းက အစိုးရကိုတိုက်တွန်း

Thu, 12/11/2014 - 14:31 -- admin_ygn

   အာဆီယံစီးပွားရေးအသိုက်အဝန်း(အေအီးစီ)  မတည်ထောင်မီ အာဆီယံဈေးကွက်ထဲမှာ အင်ဒိုနီးရှားနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းအနေအထားကို ခိုင်မာစေဖို့အတွက် နိုင်ငံ ရဲ့အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်မှုကို  တိုးမြှင့်သွားဖို့ အင်ဒိုနီးရှားခရီးသွားလုပ်ငန်းအေဂျင်စီများအသင်း (Indonesian Tour and Travel Agencies-ASITA) က အစိုးရကို တိုက်တွန်းကြောင်း ဂျာကာတာပို့စ်အွန်လိုင်းသတင်းမှာဖော်ပြပါတယ်။
   ''ခရီးသွားလုပ်ငန်းကို  အထောက်အကူပေးမယ့်  အခြေခံအဆောက်အအုံ အလုံအလောက် ကျွန်တော်တို့မှာရှိရင် ဒီကဏ္ဍတိုးတက်ဖို့အတွက် ကျွန်တော်တို့ ဆောင်ရွက်နိုင် မှာဖြစ်ပါတယ်''လို့ ဘာလီ ASITA ရဲ့ဥက္ကဋ္ဌ ကက်တွတ်အာဒနာက အင်တာရာသတင်းအေဂျင်စီကို ဒီဇင်ဘာ ၃ ရက်က ပြောပါတယ်။
   ၂၀၁၉ ခုနှစ်မှာ အင်ဒိုနီးရှားကို နိုင်ငံခြားသားခရီးသည် သန်း ၂၀ လာရောက်အောင်ဆောင်ရွက်ဖို့ ရည်မှန်းချက်ချထားပြီးဖြစ်တဲ့အတွက် အခြေခံအဆောက်အအုံက ခရီးသွား လုပ်ငန်းမှာအရေးပါတဲ့ အခြေခံတစ်ခုဖြစ်ကြောင်း သူကပြောပါတယ်။ ခရီးသွားလုပ်ငန်းရဲ့ အခက်အခဲနဲ့ ပိတ်ဆို့မှုတွေက နှစ်ပေါင်းများစွာ အမြစ်တွယ်နေပြီဖြစ်တဲ့အတွက်  ဒီ အခက်အခဲအပိတ်အဆို့တွေက  စင်ကာပူ၊ ထိုင်းနဲ့ မလေးရှားတို့လို အာဆီယံအိမ်နီးချင်းတွေနဲ့ယှဉ်တဲ့အခါ  အင်ဒိုနီးရှားနိုင်ငံကို နောက်ကျကျန်စေခဲ့ပါတယ်။ ဒါကြောင့် အခြေခံ အဆောက်အအုံဆိုင်ရာ အပိတ် အဆို့အဟန့်အတားတွေက ဒီကဏ္ဍအတွက် အဓိကပြဿနာ တွေဖြစ်နေသေးတယ်လို့ သူကပြောပါတယ်။
   ယခုနှစ် ပထမ ၁၁ လအတွင်းမှာ အင်ဒိုနီးရှားနိုင်ငံကို  လာရောက်တဲ့ နိုင်ငံ ခြားသား ခရီးသွားဦးရေက ၈ ဒသမ ၇၁ ရာခိုင်နှုန်းတိုးတက်ပြီး ၇ ဒသမ ၇၅ သန်း ထိရှိခဲ့ ပါကြောင်းနဲ့ ၂၀၁၃ ခုနှစ် ကာလတူကရှိခဲ့တဲ့ ၇ ဒသမ ၁၃ သန်းနဲ့ နှိုင်းယှဉ်ရင်တိုးတက်လာကြောင်း ဗဟိုစာရင်းရုံးအေဂျင်စီ (Central Statistics Agency) က မကြာသေးမီ က ထုတ်ပြန်ခဲ့တဲ့ ကိန်းဂဏန်းတွေအရသိရပါတယ်။
   ၂၀၁၄ ခုနှစ်တစ်နှစ်လုံးခြုံကြည့်ရင် ခရီးသည် ၉ ဒသမ ၅ သန်းဝင်ရောက်မယ်လို့ အစိုးရကခန့်မှန်းထားပါတယ်။

ဉာဏ်တင်

International Trade News

Pages