မသေချာမှုများရှိသော်လည်း အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့(APEC) သည် ၃.၅ % တိုးတက်နိုင်ဟု ခန့်မှန်း

Thu, 09/05/2024 - 03:38 -- wtodep

အာရှ-ပစိဖိတ်ဒေသသည် မသေချာမရေရာမှုများ၊ စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရသော်လည်း ခံနိုင်ရည်ရှိမှုကို ပြသသည့်အနေဖြင့် စီးပွားရေးတိုးတက်မှုသည် ၃.၅ % တွင် ဆက်လက်ရှိနေမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။

APEC ဒေသတွင်းလမ်းကြောင်းများလေ့လာမှု၏ ဩဂုတ်လ နောက်ဆုံးခန့်မှန်းချက်အရ ဒေသ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှု (GDP)သည် ၂၀၂၃ ခုနှစ်ကအတိုင်း ၂၀၂၄ ခုနှစ်တွင်လည်း ၃.၅ % တိုးတက်ရန် မျှော်မှန်းထားပါသည်။ သို့သော် ၂၀၂၅ ခုနှစ်တွင် တိုးတက်မှုနှုန်းသည် ၃.၁ % သို့ လျော့ကျနိုင်မည်ဟု ခန့်မှန်းထားပြီး မေလအစောပိုင်းခန့်မှန်းချက် ၂.၉ % ထက် တိုးတက်လာခြင်း ဖြစ်ကြောင်း APEC မူဝါဒအထောက်အကူပြုဌာန၊ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

APEC မူဝါဒ အထောက်အကူပြုဌာန၊ ညွှန်ကြားရေးမှူးက တိုးတက်မှုနှုန်းသည် ဒေသတွင်းနိုင်ငံများအကြား မတူညီနိုင်သော်လည်း ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ရန်နှင့် ဆင်ခြင်တွေးခေါ်ထားသော ငွေကြေးမူဝါဒများ စုပေါင်းကျင့်သုံးရေး၊ အနာဂတ်စိန်ခေါ်မှုများကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်ပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းပေါ်တွင် ဆက်လက်တည်ရှိနေစေရန် အရေးကြီးကြောင်း ပြောကြားခဲ့သည်။

APEC နိုင်ငံများသည် ငွေကြေးဖောင်းပွမှုကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလက ၅.၉ % မှ ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် ၂.၈ % ထိန်းညှိနိုင်ခဲ့သဖြင့် သိသာထင်ရှားသော အောင်မြင်မှုရရှိခဲ့ပါသည်။ အဆိုပါ ငွေကြေးဖောင်းပွမှု ကျဆင်းခဲ့ခြင်းသည် ဒေသတွင်းနိုင်ငံများအကြား ထိရောက်သော ငွေကြေးမူဝါဒများ ကျင့်သုံးခဲ့ခြင်းကြောင့်ဖြစ်ပါသည်။

APEC ရှိ ဗဟိုဘဏ်များသည် ငွေကြေးရင်းနှီးမှုများ ပြန်လည်ထုတ်ယူနိုင်ပြီး ငွေကြေးတန်ဖိုး ကျဆင်းမှုကို ဖြစ်စေနိုင်သည့် အချိန်မတန်မီ အတိုးနှုန်းလျှော့ချခြင်းကို ရှောင်ရှားကာ သတိကြီးစွာဆောင်ရွက်လေ့ရှိကြောင်း၊ ထို့ကြောင့် မကြာမီလများအတွင်းက  ငွေကြေးအမျိုးအစား ၂၀ မျိုးသည် အမေရိကန်ဒေါ်လာနှင့်နှိုင်းယှဉ်လျှင် ငွေကြေးတန်ဖိုးတက်ခြင်း သို့မဟုတ် ငွေကြေးတန်ဖိုးကျဆင်းမှု နှေးကွေးခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း သုတေသီတစ်ဦးက ပြောကြားခဲ့သည်။

APEC ဒေသတွင်း ကုန်သွယ်မှု၏ ၂၀၂၄ ခုနှစ်၊ ပထမသုံးလပတ်၊ ကုန်စည်တင်ပို့မှုပမာဏသည် ၂၀၂၃ ခုနှစ်ကထက် ၃.၉ % တိုးမြင့်လာကာ တန်ဖိုးအားဖြင့် ၁.၆% တိုးလာခဲ့သည်။ ထို့အပြင် “ ပြည်တွင်း စားသုံးမှုသည် ယခင်အတိုင်းရှိပြီး ဒေသတွင်း စီးပွားရေးတိုးတက်မှုကို ပိုမိုအားကောင်းစေကြောင်း၊ ဒေသတွင်းထုတ်လုပ်မှု၊ ဝယ်ယူမှုဆိုင်ရာညွှန်းကိန်းများလည်း တည်ငြိမ်လျှက်ရှိကြောင်း ” သုတေသီ တစ်ဦးက ပြောကြားခဲ့သည်။

သို့သော် ကုန်သွယ်မှုဆိုင်ရာ တားမြစ်ချက်များ၊ တန်ပြန်စုပုံခွန်ကောက်ခံခြင်း၊ တန်ပြန်ထောက်ပံ့မှု အခွန်ကောက်ခံခြင်းစသည့် ကုန်သွယ်ရေးတင်းမာမှုများ ဒေသတွင်း၌ သိသိသာသာမြင့်တက်လာကြောင်း၊ ထောက်ပံ့ရေးကွင်းဆက်ပြတ်တောက်မှုများကလည်း ကုန်စည်များ နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရာတွင် ကုန်ကျစရိတ်နှင့်အချိန်တိုးမြင့်လာစေပြီး ဈေးနှုန်းအပေါ် ဖိအားများဖြစ်စေကြောင်း၊ အဆိုပါကိစ္စရပ်များကိုဖြေရှင်းနိုင်ရေး မဟာဗျူဟာ စီးပွားရေးမူဝါဒများနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများက အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ကြောင်း သုံးသပ်ထားပါသည်။

 APEC နိုင်ငံများအနေဖြင့် ငွေကြေးမူဝါဒကို ဂရုပြုချိန်ညှိရန်၊ ဘဏ္ဍာရေးဆိုင်ရာ ကြားခံများကို ပြန်လည်တည်ဆောက်ရန်၊ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများကို ကန့်သတ်ခြင်းမရှိဘဲ ကုန်သွယ်မှုဆက်ဆံရေး တိုးမြှင့်နိုင်မည့် မူဝါဒများရှာဖွေရန် တိုက်တွန်းထားပါသည်။ ရှုပ်ထွေးသော စိန်ခေါ်မှုများကို ဖြေရှင်းနေချိန်တွင် APEC ၏ ခိုင်မာသော စီးပွားရေးမူဝါဒများနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု ကတိကဝတ်များသည် ယခုအရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းနိုင်ရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးကြောင်း APEC မူဝါဒအထောက်အကူပြုဌာန၊ ညွှန်ကြားရေးမှူးက ပြောကြားခဲ့သည်။

ရင်းမြစ်၊         အန်တာရာသတင်းဌာန