ဖိလစ်ပိုင်နိုင်ငံတွင် ယန်မီအပူပိုင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် လူပေါင်း ၅၄ ဦး သေဆုံးပြီး ၁၃ ဦး ပျောက်ဆုံးလျက်ရှိ

Thu, 01/08/2015 - 13:49 -- admin_ygn

   ဖိလစ်ပိုင်နိုင်ငံတွင်   အပူပိုင်းမုန်တိုင်း ယန်မီ တိုက်ခတ်မှုကြောင့်  လူပေါင်း ၅၄ ဦး သေဆုံးခဲ့ရကြောင်း စီအန်န်အေသတင်းများက ဖော်ပြသည်။
  အဆိုပါမုန်တိုင်းသည် ဒီဇင်ဘာ  ၃၀ ရက်က ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းဒေသများသို့ဝင်ရောက်တိုက်ခတ်ခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီ ၁ ရက်တွင် အားပျော့ ပျက်ပြယ်သွားခဲ့သည်။
   မုန်တိုင်း၏  အရှိန်ကြောင့် ရေကြီးမှုများ၊ မြေ ပြိုမှုများဖြစ်ပွားခဲ့ရကာ လူ ပေါင်း ၅၄ဦးသေဆုံးကာ ၁၃ဦးမှာ ပျောက်ဆုံးလျက်ရှိကြောင်းသိရသည်။
   အပူပိုင်းမုန်တိုင်း ယန်မီတိုက်ခတ်မည်ဟု ဖိလစ်ပိုင်နိုင်ငံ မိုးလေဝသဌာနမှ သတိပေးချက်များထုတ်ပြန်ခဲ့သော်လည်း နိုင်ငံအတွင်းရှိ မီဒီယာများတွင် သတင်းဖော်ပြပေးမှုများ အားနည်းခဲ့ကြောင်း၊ ထို့ပြင် ပင်လယ်ကမ်းနားတွင် နေထိုင်ကြသူများနှင့် မုန်တိုင်းလမ်းကြောင်းတစ်လျှောက်တွင် နေထိုင်ကြသည့်  ပြည်သူအများစုမှာ မုန်တိုင်းသတိပေးချက် ကိုလက်ခံရရှိခြင်းမရှိကြသဖြင့် ယခုကဲ့သို့သေဆုံးသူအရေအတွက်များပြားရခြင်းဖြစ်ကြောင်း၊ ၎င်းတို့သည် အဆိုပါမုန်တိုင်းတိုက်ခတ်မည်ကို ယုံကြည်ခြင်းမရှိကြသဖြင့် နေ အိမ်များကိုစွန့်ခွာသွားရန်ငြင်းဆိုခဲ့ကြခြင်း၊ ပင်လယ်ပြင်သို့ထွက်ခွာသွားကြခြင်းစသည့် အချက်များကြောင့်လည်း ယခုကဲ့သို့သောဖြစ်ရပ်များကို ကြုံတွေ့ရခြင်းဖြစ်ကြောင်း မြို့ပြ ကာကွယ်ရေးဆိုင်ရာ အကြီးအကဲဖြစ်သူ အလက်ဇန္ဒားပါးမားက  DZMM ရေဒီယိုသို့ ပြောကြားခဲ့သည်။
  ယန်မီမုန်တိုင်းသည်တစ်နာရီလျှင် ကီလိုမီတာ ၈၀ အထိတိုက်ခတ်ခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းနှင့် အလယ်ပိုင်းဒေသများကို ဝင်ရောက်တိုက်ခတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ မုန်တိုင်းတိုက်ခတ်မှုကြောင့် တောင်ပိုင်းနှင့် အလယ်ပိုင်းဒေသများမှ ပြည်သူ ၁၂၀,၀၀၀ကျော်မှာ မုန်တိုင်းဒဏ်ကိုခံစားခဲ့ရပြီး ပြည်သူ ရှစ်သောင်းကျော်မှာ အိုးမဲ့  အိမ်မဲ့ဖြစ်ခဲ့ရ သည်။
   ဖိလစ်ပိုင်နိုင်ငံသည်  နှစ်စဉ်မုန်တိုင်း ၂၀ ခန့်ဝင်ရောက်တိုက်ခတ်လေ့ရှိရာ ပြီးခဲ့သည့်နှစ်ကတိုက်ခတ်ခဲ့သည့်  စူပါတိုင်ဖွန်းမုန်တိုင်းဟိုင်ယန်ကြောင့် လူပေါင်း ၇၃၅၀ သေဆုံး ခဲ့ရသည်။
   ထို့ပြင် တောင်တရုတ်ပင်လယ်ပြင်အတွင်းဖြစ်ပေါ်လျက်ရှိသည့်  မုန်တိုင်းငယ်များကြောင့် ထိုင်းနိုင်ငံတောင်ပိုင်းနှင့်  မလေးရှားနိုင်ငံတို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေ ကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ရကာ မလေးရှားနိုင်ငံ ဂျိုဟိုးဘာရူးတွင် စံချိန်တင်လောက်သည့် ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်ခဲ့ရကြောင်း သတင်းများကရေးသားဖော်ပြထားသည်။

မယ်သီတာ

International Trade News

Pages