ကာဇက်စတန်နိုင်ငံ ဒဗလျူတီအိုအဖွဲ့ဝင်ဖြစ်ဖို့ နီးစပ်လာ

Fri, 12/05/2014 - 12:30 -- admin_ygn

   အဖွဲ့ဝင်နိုင်ငံ ၁၆၀ ပါဝင်တဲ့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (ဒဗလျူတီအို) ကို  အဖွဲ့ဝင်အဖြစ်ဝင်ရောက်ခွင့်ရဖို့ လျှောက်ထားတဲ့ နိုင်ငံပေါင်း ၁၀ နိုင်ငံနဲ့ ဆွေးနွေးမှုတွေကို စိတ်အား ထက်သန်စွာ ဆောင်ရွက်လျက်ရှိကြောင်း၊ ဒီ ၁၀ နိုင်ငံထဲမှာ ကာဇက်စတန်နဲ့ အာဖဂန်နစ္စတန်တို့လည်းပါဝင်ကြောင်း၊ ဒဗလျူတီအိုညွှန်ကြားရေးမှူးချုပ် ရောဘတ်တိုအဇယ် ဗယ်ဒိုက မကြာသေးမီက ပြောကြားခဲ့ကြောင်း နိုဝင်ဘာ ၂၅ ရက်က Radio Free Europe ရဲ့သတင်းမှာဖော်ပြပါတယ်။
   ကာဇက်စတန်နဲ့ ဆွေးနွေးညှိနှိုင်းမှုများက အောင်မြင် လုနီးပါးအဆင့်ကို  ရောက်ရှိနေပြီး ၂၀၁၅ ခုနှစ်နှစ်ဦးပိုင်း လောက်မှာ ဆုံးဖြတ်ချက်ချမှတ်နိုင်လိမ့် မယ်လို့ သူကခန့်မှန်း ပါတယ်။ ကာဇက်စတန်နိုင်ငံက ဒဗလျူတီအိုကို ဝင်ရောက် နိုင်ဖို့ ၁၉၉၆ ခုနှစ်က လျှောက်ထားခဲ့တာဖြစ်ပါတယ်။
   အာရှအလယ်ပိုင်းဒေသရှိနိုင်ငံများအနက် ကာဂျစ်စတန်နဲ့  တာဂျီကစ္စတန်တို့က ၁၉၉၈ ခုနှစ်နဲ့ ၂၀၁၃ ခုနှစ်မှာ အဖွဲ့ဝင်များအဖြစ်အသီးသီးဝင်ခွင့်ရရှိပြီး အာဖဂန်နစ္စတန်နဲ့ ဒဗလျူတီအိုတို့ကလည်း  စေ့စပ်ညှိနှိုင်းလျက်ရှိနေပါတယ်။ ဒါပေမယ့် အာဖဂန်ဘက်မှ ''သင့်တော်တဲ့ အချက်ပြမှု'' မရှိသေးဘူးလို့သူကပြောပါတယ်။ အာဖဂန်နစ္စတန်နဲ့ ပတ်သက်တဲ့ သဘောတူညီချက်မူကြမ်းကို မတ်လအတွင်းက ဆောင် ရွက်ရမှာဖြစ်ပေမယ့် အာဖဂန်နစ္စတန်ဘက်က ''လိုအပ်တဲ့အချက်ပြမှုတွေ'' ရှိသေးတဲ့အတွက် နောက်ဆုံး သဘောတူညီချက်ရရှိဖို့  ဆွေးနွေးမှုတွေကို ရွှေ့ဆိုင်းထားခဲ့ရကြောင်း ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။
   ဒဗလျူတီအိုရဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်လာဖို့အတွက် လျှောက်ထားတဲ့နိုင်ငံက အကောက်ခွန်တွေကို လျှော့ချပေးရပါမယ်။ ဒဗလျူတီအိုရဲ့စည်းမျဉ်းများနဲ့အညီ ပို့ကုန်သွင်းကုန်တွေကို အာမခံချက်ပေးနိုင်အောင် သက်ဆိုင်ရာဥပဒေတွေကိုပြင်ဆင်ပေးဖို့လိုအပ်ပါတယ်။

ဉာဏ်တင်

International Trade News

Pages