ပြည်တွင်းရွှေဈေး ကျပ် ၉၂၀၀၀၀ သို့ စံချိန်တင်ရောက်ရှိလာ

Thu, 08/24/2017 - 03:02 -- admin_ygn

         ယခုရက်သတ္တပတ်အတွင်း ကမ္ဘာ့ရွှေဈေး မြင့်တက်လာမှုကြောင့် ပြည်တွင်း ရွှေဈေးသည် စံချိန်တင်မြင့်တက်ခဲ့ရာ အမြင့်ဆုံးဈေးအဖြစ် ကျပ် ၉၂၀၀၀၀ သို့ ရောက်ရှိခဲ့ကြောင်း ပြည်တွင်းရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရ သည်။ ကမ္ဘာ့ရွှေဈေးသည်လည်း အမေရိကန်ဒေါ်လာ ၁၃၀၀ နီးပါးသို့ ရောက်ရှိလာခဲ့သဖြင့် ယခုကဲ့သို့ ပြည်တွင်းရွှေဈေးများ လိုက်ပါမြင့်တက်ရခြင်းဖြစ်သည်ဟု ဆိုသည်။ ပြီးခဲ့သည့်ရက်သတ္တပတ်ကတည်းက မြင့်တက်ခဲ့သည့် ပြည်တွင်းရွှေဈေးများသည် ယခုရက်သတ္တပတ်တွင် ဆက်လက်မြင့်တက်လာခဲ့ကြောင်း၊ ကမ္ဘာ့ရွှေဈေးမြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေးများ လိုက်ပါမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း၊ ရွှေဈေးများမြင့်တက်ခဲ့သော်လည်း အရောင်းအ၀ ယ်မှာ မရှိသလောက်အေးသွားခဲ့ကြောင်း ရွှေကုန်သည်တစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။
         ကမ္ဘာ့ရွှေဈေးမြင့်တက်မှုသည် ကမ္ဘာ့ပထဝီနိုင်ငံရေး မငြိမ်သက်မှုများနှင့် ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများ ကျဆင်းလာမှုနှင့်ပတ်သက်နေကြောင်း၊ အမေရိကန် နှင့် မြောက်ကိုရီးယားတို့၏ တင်းမာမှုများ သွေးအေးနေသော်လည်း ဆက်လက် တင်းမာမည့် အရိပ်အယောင်များပြနေသဖြင့် ယခုကဲ့သို့ ဈေးများမြင့်တက်ရခြင်း ဖြစ်သည်ဟု ဆိုသည်။ ပြည်တွင်းရွှေဈေးကွက်တွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် သြဂုတ် ၁၄ ရက်က ကျပ် ၉၁၃၀၀၀ ရှိခဲ့ရာမှ သြ ဂုတ် ၁၆ ရက်တွင် ကျပ် ၉၀၇၅၀၀ သို့ ပြန်လည်ကျဆင်းခဲ့သည်။ သို့သော် သြဂုတ် ၁၈ရက်တွင် ပြန်လည်မြင့်တက်ခဲ့ရာ ဈေးကွက်စတင်ဖွင့်ချိန်တွင် ကျပ် ၉၁၆၀၀၀ ရှိခဲ့ပြီး ဈေးပိတ်ချိန်တွင် ကျပ် ၉၂၀၀၀၀ အထိ မြင့်တက်ခဲ့သည်။ ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် သြဂုတ် ၁၄ ရက်က ၁၂၈၇ ဒေါ်လာရှိခဲ့ပြီး သြဂုတ် ၁၈ ရက် နံနက်ပိုင်း၌ ၁၂၈၀ ဒေါ်လာသို့မြင့်တက် ခဲ့ပြီး ညနေပိုင်းတွင် ၁၂၉၅ ဒေါ်လာသို့ ဆက်လက်မြင့်တက်ခဲ့သည်။

 

မယ်သီတာ

Local Trade News

Pages