ကြယ်ခေါင်က အလှဆင်အင်ကြင်းကျောက်သွေးလုပ်ငန်းကြောင့် ပြည်ပဝင်ငွေ အထိုက်အလျှောက်ရနေ

Tue, 05/07/2013 - 08:21 -- admin

တရုတ်-မြန်မာနယ်စပ်ရှိ ကြယ်ခေါင်မှာ မြန်မာပြည်ထွက် အင်ကြင်းကျောက်များကို ဧည့်ခန်းအလှဆင်ပစ္စည်းအဖြစ် ပြုပြင် အချောကိုင်ကာ ပြည်မကြီးသို့ တင်ပို့ရောင်းချတဲ့ လုပ်ငန်းတွေ တွင်ကျယ်နေတာနဲ့အမျှ လိုအပ်တဲ့ အချောကိုင် လုပ်သားတွေကို မြန်မာနိုင်ငံတစ်ဝန်းက ခေါ်ယူခန့်ထား လျက်ရှိတယ်လို့ သိရပါတယ်။ အင်ကြင်းကျောက် အသုံးပြုရာမှာ မြေပြင်ပေါ်ရှိကျောက်ထက် နွားထိုးကြီးနယ်ကထွက်တဲ့ တွင်းအောင်း အင်ကြင်းကျောက်က အရည်အသွေးပိုကောင်းပြီး ဈေးကွက်မှာမျက်နှာပန်းလှတယ်လို့ ဆိုပါတယ်။ မြန်မာကျောက်သွေးလုပ်သားတွေအနေနဲ့ မိမိကျွမ်းကျင်တဲ့ လုပ်ငန်းအလိုက် ဝင်ငွေကွာခြားမှုရှိပြီး ပုံမှန်အားဖြင့် အလုပ်ချိန် နံနက် ၇ နာရီမှ ညနေ ၅ နာရီအထိ ကျောက်သွေးခ တစ်ရက်အနိမ့်ဆုံး ၂၀ ယွမ်မှ အမြင့်ဆုံး ၆၀ ယွမ်ထိ ရရှိကြတယ်လို့ ဆိုပါတယ်။ ပုံဖော်အချောကိုင်သမားတွေကတော့ တစ်ရက်ယွမ် ၁၀၀ ထိ ဝင်ငွေကောင်းမွန် နေကြောင်း လုပ်သားတစ်ဦးက ပြောပါ တယ်။
ကြယ်ခေါင်ရှိ အဆိုပါ အင်ကြင်းကျောက်အလှဆင်လုပ်ငန်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်အတွင်းက ပုလဲ၊ ယင်းမာပင်နဲ့ ဘုတလင်မြို့နယ် တွေက ကျေးရွာနေလူငယ်အများစု သွား ရောက်လုပ်ကိုင်လျက်ရှိပြီး၊ စားစရိတ် ငြိမ်းလုပ်ကိုင်ရတဲ့အတွက် တစ်လကျပ် တစ်သိန်းမှ နှစ်သိန်းထိအိမ်ကို ပြန်ပို့နိုင် ကြတယ်လို့ ကြယ်ခေါင်မှာ ကျောက်သွေး လုပ်ငန်းလုပ်ပြီး နှစ်သစ်ကူးမှာ ခေတ္တ ပြန်လာတဲ့ ဘုတလင်မြို့နယ် ရဲထွက်ရွာက ကျောက်သွေးလုပ်သား တစ်ဦးက ပြောပြလို့ သိရပါတယ်။
ထွန်းလှိုင် - မုံရွာ

Local Trade News

Pages