နို့ထွက်ပစ္စည်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန်အတွက် JICA ထံမှ ချေးငွေရူပီး ၁၆၂၀၇ ကုဋေရရှိရန် အိန္ဒိယအစိုးရက ကြိုးပမ်းလျက်ရှိ

Thu, 08/24/2017 - 03:46 -- admin_ygn

       အိန္ဒိယအစိုးရသည် နိုင်ငံအတွင်း၌ နို့နှင့် နို့ထွက်ပစ္စည်း ပြည်တွင်းလိုအပ်ချက် မြင့်တက်လာသည်နှင့်အညီ တိုးတက်ဖြည့်ဆည်းပေးနိုင်ရန် နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရေး  အစီအစဉ် များ ဆောင်ရွက်ရန်အတွက် ဂျပန်  နိုင်ငံတကာပူးပေါင်းဆောင်ရွက် ရေးအေဂျင်စီထံမှ ချေးငွေရူပီး ၁၆၀၂၇ ကုဋေရရှိ ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရှိရပါသည်။ အဆိုပါချေးငွေ ရရှိရေးအတွက်  အိန္ဒိယအစိုးရသည် JICA ထံသို့ "Dairying through Cooperatives-National Dairy Infrastructure Plan" ကိုရေးဆွဲကာ ချေးငွေရရှိရေး အဆိုပြုလွှာတင်ပြထားပြီးဖြစ်ကြောင်း၊ ယင်းစီမံကိန်းအဆိုပြုလွှာသည် လာမည့်ငါးနှစ်တွင် တောင်သူလယ်သ မားများ၏ ဝင်ငွေနှစ်ဆ တိုးတက်လာစေရေး အစိုးရ၏ ရည်မှန်းချက်နှင့်လည်း ကိုက်ညီကြောင်း၊ စီမံကိန်းအတွက်ကုန်ကျမည့် ငွေစုစုပေါင်းမှာ ရူပီး ၂၀၀၅၇ ကုဋေခန့်ဖြစ်သော်လည်း JICA ထံမှ ချေး ငွေရူပီး  ၁၆၀၂၇ ဒသမ ၀၇ ကုဋေသာ  ရယူရန် အဆိုပြုထားကြောင်း၊ ရရှိလာသည့် ချေးငွေများကို National Dairy Development Board ၏ ကြီးကြပ်မှုဖြင့်  အသုံးပြုဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရပါသည်။
       အိန္ဒိယနိုင်ငံသည် ၁၉၉၈ ခုနှစ်မှစတင်ကာ ကမ္ဘာပေါ်တွင် နို့ထွက်ပစ္စည်းအများဆုံး ထုတ်လုပ် နိုင်သည့်နိုင်ငံများအနက် ထိပ်ဆုံး၌ရပ်တည်နိုင်ခဲ့ပြီး ကျွဲနွားတိရစ္ဆာန် အရေအတွက်မှာလည်း ကမ္ဘာပေါ်တွင် အများဆုံးဖြစ်ကြော င်း၊ နို့ထုတ်လုပ် နိုင်မှုပမာဏအနေဖြင့် ၁၉၅၀-၅၁ ခုနှစ်တွင် တန် ချိန် ၁၇ သန်းသာရှိရာမှ လက်ရှိတွင် တန်ချိန် ၁၅၅ သန်းခန့်အထိ တိုးလာခဲ့ကြောင်း၊ ထုတ်လုပ်သည့်နို့ ပမာဏ၏ ၅၄ ရာခိုင်နှုန်းခန့်မှာ ပြည်တွင်းဈေးကွက်တွင်  ဖြန့်ဖြူးရောင်းချရန်အတွက် ပိုလျှံ ကြောင်း၊ ၎င်းတို့အနက် ၂၀ ဒသမ ၅ ရာခိုင်နှုန်းကို သမဝါယမနှင့် ပုဂ္ဂလိက ဖက်စပ်နို့ထွက်ပစ္စည်း လုပ်ငန်းအဖွဲ့အစည်းများက ဝယ်ယူပြုပြင်ထုပ်ပိုး ဖြန့်ဖြူးရောင်းချကြောင်းသိရှိရပါသည်။
       အိန္ဒိယနိုင်ငံ၌ ၂၀၂၁-၂၀၂၂ တွင်နို့တန်ချိန် သန်း ၂၀၀ မှ ၂၁၀ အတွင်း လိုအပ်နိုင်မည်ဟု ခန့် မှန်းထားရာ တိုးတက်လာသည့် လိုအပ်ချက်အား ဖြည့်ဆည်းနိုင်ရန်အတွက် အထူးသဖြင့် နို့ဝယ်ယူမှု နှင့် တန်ဖိုးမြှင့် နို့ထွက်ပစ္စ ည်းထုတ်လုပ်ခြင်းတို့အတွက် ကျေးရွာအဆင့် အခြေခံအဆောက်အဦများကို အဆင့်မြှင့်တင်ရန်လိုအပ်မည်ဖြစ်ရာ ယခုအဆိုပြုစီမံကိန်းသည်  ကျေးရွာပေါင်း ၁ ဒသမ ၂၈သိန်းအား ထပ်တိုးလွှမ်းခြုံဆောင်ရွက်ရန် ရည်ရွယ်ထားေ ကြာင်း၊ နို့ထွက်ပစ္စည်းထုတ်လုပ်သူပေါင်း ၁၂၁ ဒသမ ၈၃ သိန်းခန့် ထပ်မံပေါ်ပေါက်လာစေ ရန် ရည်ရွယ်ထားပြီး  နို့များသိုလှောင်ရန် ကျေးရွာ အဆင့် အအေးခန်းပေါင်း ၁ ဒသမ ၀၅ သိန်း ခန့် တည်ဆောက်ကာ နေ့စဉ်နို့ကီလို ဂရမ် ၅၂၄ ဒသမ ၂၀ သိန်းခန့်နှင့် နို့ထွက်ပစ္စည်း ၇၆ ဒသမ ၅ သိန်း ခန့် ထုတ်လုပ်နိုင်သည့် အခြေခံအဆောက်အဦ များကို တည်ဆောက်အကောင်အထည်ဖော်မည် ဖြစ်ကြောင်း သိရှိရပါ သည်။
       ထိုမျှသာမက လွန်ခဲ့သည့်နှစ်ပေါင်း ၂၀ -၃၀ ခန့်က တည်ဆောက်ခဲ့သည့်  နို့နှင့်နို့ထွက်ပစ္စည်း စက်ရုံဟောင်းများအား အဆင့်မြှင့်တင်ခြင်း၊ လုပ်ငန်းတိုးချဲ့မည့် အစီအစဉ်များကို လည်းဆောင်ရွက်မည်ဖြစ်ရာ အဆိုပါအစီအ စဉ်များမှ တောင်သူလယ်သမားပေါင်း သိန်း ၁၆၀ ခန့်ကို အကျိုးကျေး ဇူးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ အိန္ဒိယအစိုးရသည် နို့ထွက်ပစ္စည်းကဏ္ဍ တိုးတက်လာရေးအတွက် အင်တိုက်အားတိုက် ဖော်ဆောင်လျက်ရှိရာ မွေးမြူရေး၊ နို့ထွက်ပစ္စည်းနှင့် ရေလုပ်ငန်း ဦးစီးဌာနအနေဖြင့်လည်း နို့ထွက်ပစ္စည်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့်စီမံကိန်းတစ်ရပ်ကို မူကြမ်းရေးဆွဲပြီးစီးနေပြီဖြစ်ကြောင်း သိရှိရပါသည်။

 

ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ နယူးဒေလီမြို့