ကိုရီးယားနိုင်ငံ၌ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ရန် ဆောင်ရွက်လျက်ရှိ

Mon, 02/01/2021 - 09:27 -- admin_ygn

ကိုရီးယားသမ္မတနိုင်ငံ၌ အခြား ကမ္ဘာ့နိုင်ငံများနည်းတူ ကာလကြာရှည် လျက်ရှိသော COVID-19 ကပ်ရောဂါ ၏ရိုက်ခတ်မှုကြောင့် ၂၀၂၀ ပြည့်နှစ်အတွင်းတွင် စီးပွားရေးလုပ်ငန်း ကြီး/ ငယ်မရွေးထိခိုက်မှုများခံစားခဲ့ရသည်။ အထူးသဖြင့် ဟိုတယ်နှင့် စားသောက် ဆိုင်ကဲ့သို့သော လူပုဂ္ဂိုလ်များ ကိုယ်တိုင်ဝန်ဆောင်မှုပေးရသည့်လုပ်ငန်း ကဏ္ဍများ (Face to Face Services) တွင် ပိုမိုထိခိုက်ခဲ့ကာ  ၂၂ နှစ်အတွင်း အလုပ်လက်မဲ့  အများဆုံးအခြေအနေသို့ရောက်ရှိခဲ့မှုကြောင့်  ၂၀၂၁ ခုနှစ် အတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ရေးကို အစိုးရမှစီစဉ်လျက်ရှိကြောင်း စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီး ဟောင်နမ်ကီက ၁၃-၁-၂၀၂၁ ရက်တွင် ထုတ် ဖော်ပြောကြားခဲ့သည်။ Statistic Korea ၏ စာရင်းများ အရ ၂၀၂၀ ပြည့် နှစ်အတွင်း အလုပ် လုပ်ကိုင်သူဦးရေ  ၂၆ ဒသမ ၉ သန်း ရှိပြီး ယင်းသည်  ၂၀၁၉ ခုနှစ်က စာရင်း ထက် ၂၁၈၀ဝ၀ ခန့် ကျဆင်းခဲ့ကြောင်း၊ ၁၉၉၇-၁၉၉၈ အာရှဘဏ္ဍာရေး အကျပ်အတည်းရင်ဆိုင်ခဲ့ရချိန် ၁၉၉၈ ခုနှစ်တွင် အလုပ်လက်မဲ့ဦးရေ  ၁ ဒသမ ၂၇ သန်းဖြင့် အဆိုးရွားဆုံးကာလဖြစ်ခဲ့ပြီး ယခု ၂၂ နှစ်အကြာ ၂၀၂၀ ပြည့် နှစ်တွင် ကပ်ရောဂါအခြေအနေများ ကြောင့်လုပ်ငန်းများ   မလည်ပတ်နိုင်ခဲ့ သဖြင့် အလုပ်လက်မဲ့ဦးရေများပြားလာ ရကြောင်း၊ ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာ လစာရင်းများ အရ အလုပ်လက်မဲ့ဦးရေ ၆၂၈၀ဝ၀ ဦးဖြစ်ပြီး     ၁၉၉၉ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်းတွင် အများဆုံးအခြေအနေပင်  ဖြစ်ကြောင်း နှင့်အသက် ၆၀နှစ်နှင့်အထက်  အုပ်စုမှ အပ ကျန်အသက်အရွယ်အုပ်စုအားလုံး အလုပ်အကိုင်အခွင့်အလမ်းဆုံးရှုံးမှု များဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။
COVID-19 ရောဂါကူးစက်မှု အား တားဆီးထိန်းချုပ်နိုင်ရေးအတွက် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလဆန်းမှစ၍ တောင်ကိုရီးယားအစိုးရက Social Distancing Level ငါးခုအနက် ဒုတိယအမြင့်ဆုံးဖြစ်သောLevel (2.5) သို့မြှင့် တင်သတ်မှတ်ခဲ့ရာ ဟိုတယ် နှင့် စားသောက်ဆိုင်တို့တွင် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုကျဆင်းခဲ့သည်။ သို့ဖြစ်၍ ကပ်ရောဂါကို မထိန်းသိမ်းနိုင် သေးသရွေ့အလုပ်အကိုင်ဈေးကွက်ကို ဆက်လက်ထိခိုက်နေမည်ဖြစ်ရာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအထိ တိုးတက်မှု နှေးကွေး နေဦးမည်ဖြစ်သည်။ COVID-19 ကပ်ရောဂါ၏ရိုက် ခတ်မှုကြောင့် ၂၀၂၀ ပြည့်နှစ်တွင် ကိုရီးယားသမ္မတနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းGDPသည် ၂၀၁၉ ခုနှစ် ကထက် ၁ ဒသမ ၁ ရာခိုင်နှုန်းကျဆင်း ခဲ့သဖြင့် ၁ ဒသမ ၉ ရာခိုင်နှုန်းဖြစ်သည်။ နှစ်၂၀ တာကာလအတွင်း တိုးတက်မှုအနှေးကွေးဆုံးနှုန်းဖြစ်ခဲ့ရာ ဤ ၂၀၂၁ ခုနှစ်တွင် စီးပွားရေး ပြန်လည်နာလန်ထူနိုင်ရေးကို  အားလုံးက အထူးမျှော်လင့်လျက်ရှိကြသည်။တောင်ကိုရီးယား နိုင်ငံ၏ ၂၀၂၁ ခုနှစ်   စီးပွားရေး  တိုး တက်မှုနှုန်းအား ၃ ဒသမ ၂  ရာခိုင်နှုန်း သို့ တိုးတက်ရန် စီးပွားရေးနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာနက ခန့်မှန်းထား ကြောင်း သိရှိရသည်။ သို့ရာတွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ၏ ပထမ ၁၀  ရက်တာ ကုန်သွယ်မှုစာရင်းများအရ ပို့ကုန်သည် ယခင် ၂၀၂၀ ပြည့်နှစ် ကာလတူ ထက် ၁၅ ဒသမ ၄ ရာခိုင်နှုန်း  လျော့ကျနေ သေးကြောင်း၊  စီးပွားရေးတိုင်းတာမှု ညွှန်းကိန်းများအရ    ကုန်ထုတ်လုပ်မှု ကဏ္ဍနှင့်    သတင်းအချက်အလက် နည်းပညာ(ICT)ကဏ္ဍများတွင် အနည်း ငယ်တိုးတက်မှု တွေ့လာရသော်လည်း၊ COVID-19 ဆိုင်ရာ   အခြေအနေများ အရ မသေချာ မရေရာမှုများက ဆက် လက် တည်ရှိနေဆဲပင်ဖြစ်သည်။
အလုပ်အကိုင် အခွင့်အလမ်း ဈေးကွက်   ပြန်လည်တိုးတက်လာရေး သည် ကပ်ရောဂါမှ လွတ်မြောက်ပြီး ဝန်ဆောင်မှုလုပ်ငန်းများ ပုံမှန်ပြန်လည် လည်ပတ်နိုင်ရန်နှင့်  တိုက်ရိုက်အချိုးကျ လျက်ရှိသည်။ တောင်ကိုရီးယား အစိုးရက ပြည်သူများ အား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနှောင်းပိုင်းမှစ၍ ကာကွယ် ဆေးထိုးပေးမည်ဖြစ်ရာ ဦးစားပေး အုပ်စုသည်   ကျန်းမာရေးဝန်ထမ်းများ နှင့် အသက်ကြီးသူများဖြစ်ကြောင်း၊ ကျန်အသက် ၁၉ နှစ်မှ ၄၉ နှစ်အတွင်း အုပ်စုများအတွက်မူ အစောဆုံး ကာကွယ် ဆေးထိုးနိုင်မည့်အချိန်သည် ၂၀၂၁ ခုနှစ် စက်တင်ဘာလခန့်ဟု ခန့် မှန်းရကြောင်း၊ သို့ဖြစ်၍ ၂၀၂၁ ခုနှစ် ဒုတိယနှစ်ဝက်ခန့်လောက်မှသာ အလုပ် အကိုင်အခွင့်အလမ်းဈေးကွက်ပြန်လည် တိုးတက်နိုင်မည်ဟု ပညာရှင်များက သုံးသပ်ခန့်မှန်း ထားကြ သည်။ တောင်ကိုရီးယားအစိုးရအနေ ဖြင့်လည်း အလုပ်အကိုင်အခွင့်အလမ်း များ    တိုးတက်ရေးအတွက် အစိုးရ ဝန်ထမ်းအသစ်ခေါ်ယူမှုကို ၄၅ ရာခိုင် နှုန်း ပိုမိုမြှင့်တင်ခေါ်ယူသွားမည်ဖြစ် ကြောင်း၊ အလုပ်သင် ၂၂၀ဝ၀ ခန့်ကို လည်း ယခုလ အတွင်း  ခေါ်ယူခန့်အပ် သွားရန်ရှိကြောင်း၊ ၂၀၂၁ ခုနှစ် ပထမ သုံးလပတ်အတွင်း လူဦးရေ ၈၃၀ဝ၀ဝ ခန့်အလုပ်ခေါ်ယူသွားမည်ဖြစ်ပြီး လူမှု ဖူလုံရေး ဝန်ဆောင်မှုကဏ္ဍအတွက် ဝန်ထမ်း ၂၈၀ဝ၀ နေရာ ခန့်အပ်သွား မည်ဖြစ်ကြောင်း၊  ထို့ပြင် အစိုးရ သည် အလားအလာကောင်းသည့်   တီထွင် ဆန်းသစ်သော  နည်းပညာများဖြင့် တက်သစ်စ Startups လုပ်ငန်းများကို  တိုးတက်စေရေးအတွက်  အမေရိကန် ဒေါ်လာ  ၂ ဒသမ ၄၇ ဘီလီယံ(ကိုရီး ယားဝမ်   သုံးထရီလီယံ)ကို  အစိုးရ၏ ၂၀၂၂ ခုနှစ်၊ အစိုးရချေးငွေ၊   ချေးငွေ အာမခံနှင့် ရင်းနှီးမြှုပ်နှံမှုအစီအစဉ်နှင့် ပူးပေါင်း၍ပိုင်ဆိုင်မှု တင်ပြရန်မလိုဘဲ ပံ့ပိုးပေးသွားမည်ဖြစ်ရာ ယင်းအစီ အစဉ်မှ တက်သစ်စ ကုမ္ပဏီပေါင်း ၃၀ဝ၀ ခန့်ကို ပံ့ပိုးပေးနိုင်မည်ဖြစ်ပြီး အလုပ်အကိုင်    အခွင့်အလမ်းပေါင်း ၂၀ဝ၀ဝ ခန့်ကို  ဖန်တီးပေးနိုင်မည်ဟု စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးဟောင်နမ်ကီ၏ ထုတ်ဖော်ပြော ကြားချက်အရ သိရှိရသည်။

 

ဝင်းပပသူ(စီးပွားရေးသံမှူး) မြန်မာသံရုံး၊ ဆိုးလ်မြို့။

International Trade News

Pages