မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ဆိုတာ ဘာလဲ?

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ဆိုသည်မှာ မြန်မာနိုင်ငံယှဉ်ပြိုင်မှုဥပဒေ ၂၀၁၅ ကို အာဏာသက်ဝင်စေရန် ထိန်းကျောင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

ဈေးကွက်ထဲမှာ မျှတတဲ့ယှဉ်ပြိုင်မှုတွေရှိရင် ဘယ်လိုကောင်းကျိုးတွေ ရနိုင်မလဲ?

ဈေးကွက်ထဲမှာ မျှမျှတတယှဉ်ပြိုင်ကြရင် စားသုံးသူတွေအနေနဲ့ ဈေးနှုန်း၊ ကုန်ပစ္စည်းအရည်အသွေး စတာတွေကို ရွေးချယ်စရာတွေ ပိုများလာမယ်၊ ရောင်းချထုတ်လုပ်သူအချင်းချင်း ကုန်ပစ္စည်းကို အပြိုင်အဆိုင်ကောင်းမွန် အောင် ပြုလုပ်လာကြမှာမို့ ပစ္စည်းအရည်အသွေးတွေ တိုးတက်လာမယ်၊ ထုတ်ကုန်အမယ်သစ်တွေကိုလည်း တိုးချဲ့ထုတ်လုပ်လာကြမယ်၊ ကုန်ထုတ် လုပ်မှု တိုးတက်လာတာနဲ့အမျှ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း တိုးပွားလာမှာဖြစ်ပါတယ်။

ယှဉ်ပြိုင်မှုကိုဆန့်ကျင်တဲ့ ဆောင်ရွက်ချက်တွေဆိုတာ ဘာတွေလဲ?

ဈေးနှုန်းညှိနှိုင်းသတ်မှတ်ခြင်း၊ ဈေးကွက်ခွဲဝေရယူခြင်း၊ ထုတ်လုပ်မှုကို ကန့်သတ်ခြင်း၊ လေလံညှိနှိုင်းရယူခြင်း၊ ရောင်းချရန်/ ဝယ်ယူရန် ငြင်းပယ်ခြင်း၊ ကုန်ပစ္စည်းများကို အတင်းအကျပ် ပူးတွဲရောင်းချခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ ပြန်လည်ရောင်းချသည့် ဈေးနှုန်းများကို ကန့်သတ်ခြင်း၊ ဖြန့်ချိမှုကို ကန့်သတ်မှု များပြုလုပ်ခြင်း၊ လုပ်ငန်းများ ပူးပေါင်းခြင်းနှင့် ရယူခြင်း၊ ဈေးကွက်လွှမ်းမိုးမှု ကို အလွဲသုံးစားပြုခြင်း၊ လိမ်လည်လှည့်ဖျား၍ ကြော်ငြာရောင်းချခြင်း အစရှိတဲ့အပြုအမူတွေက ယှဉ်ပြိုင်မှုကိုဆန့်ကျင်တဲ့ ဆောင်ရွက်ချက်တွေ ဖြစ်ပါတယ်။

ဈေးကွက်လွှမ်းမိုးမှုကို အလွဲသုံးစားလုပ်ခြင်းဆိုတာ ဘာလဲ?

ကုန်ပစ္စည်း/ ဝန်ဆောင်မှုတွေရဲ့ ဈေးနှုန်းကို ထိန်းချုပ်ထားခြင်း၊ ဈေးကစားရန် ရည်ရွက်ချက်ဖြင့် ကုန်ပစ္စည်းထုတ်လုပ်မှုများကို ကန့်သတ်ခြင်း၊ ဈေးကွက် နယ်ပယ်ဧရိယာကို ထိန်းချုပ်ထားခြင်း အစရှိသည့်အပြုအမူတွေက ဈေးကွက် လွှမ်းမိုးမှုကို အလွဲသုံးစားပြုသည့် အပြုအမူများဖြစ်ပါတယ်။

ယှဉ်ပြိုင်မှုဥပဒေအရ ဘယ်လိုပြစ်မှု၊ ပြစ်ဒဏ်တွေ ချမှတ်နိုင်လဲ?

မြန်မာနိုင်ငံယှဉ်ပြိုင်မှုဥပဒေအရ အနည်းဆုံး ထောင်ဒဏ် သုံးလ၊ ငွေဒဏ် တစ်သိန်းမှ အများဆုံး ထောင်ဒဏ် ၃ နှစ်၊ ငွေဒဏ် သိန်း ၁၅၀ အထိ ချမှတ် နိုင်ပါတယ်။

စီမံခန့်ခွဲမှုနည်းလမ်းအရ အရေးယူခြင်းဆိုတာ ဘာလဲ?

ယှဉ်ပြိုင်မှုဥပဒေအရ ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက်နဲ့ လုပ်ထုံး လုပ်နည်းတွေကို ဖောက်ဖျက်ပါက သတိပေးဆောင်ရွက်ခြင်း၊ ဒဏ်ကြေးငွေ ပေးဆောင်စေခြင်း၊ လုပ်ငန်းကို ယာယီ သို့မဟုတ် အမြဲတမ်းပိတ်သိမ်းစေခြင်း စသည့် အရေးယူမှုတွေ ပြုလုပ်ခြင်းက စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း ဖြစ်ပါတယ်။

ယှဉ်ပြိုင်မှုဥပဒေပါ တားမြစ်ချက်များကို မည်သည့်အခြေအနေမျိုးတွင် ကင်းလွတ် ခွင့်ပေးပါသလဲ?

လုပ်ငန်းတွေပူးပေါင်းပြီးသော်လည်း ထိုပေါင်းစည်းထားတဲ့လုပ်ငန်းက SME အရွယ်အစား၌ပင် ရှိနေသေးခြင်း၊ ပူးပေါင်းထားသောလုပ်ငန်းများထဲမှ တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသောလုပ်ငန်းက ဒေဝါလီခံရတော့မယ့်အခြေအနေမှာ ရှိနေခြင်း၊ လုပ်ငန်းများပူးပေါင်းခြင်းကြောင့် ပို့ကုန်တင်ပို့မှုကို မြင့်တက်စေ ခြင်း၊ နည်းပညာတိုးတက်စေခြင်း ဒါမှမဟုတ် စွန့်ဦးတီထွင်လုပ်ငန်းများ တည်ထောင်ခြင်းကဲ့သို့သော အခြေအနေမျိုးမှာ ယှဉ်ပြိုင်မှုဥပဒေပါ တားမြစ်ချက်တွေကနေ ကင်းလွတ်ခွင့်ပေးနိုင်ပါတယ်။

ယှဉ်ပြိုင်မှုဥပဒေနဲ့ပတ်သက်ပြီး ဘယ်လိုတိုင်ကြားရမလဲ?

ယှဉ်ပြိုင်မှုနည်းဥပဒေပါ တိုင်ကြားမှုပုံစံကို ပြည့်စုံစွာဖြည့်စွက်ပြီး မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်ဥက္ကဋ္ဌထံသို့ လိပ်မူကာ စာတိုက်ကဖြစ်စေ၊ မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်ရဲ့ တရားဝင်အီးမေးလ်ဖြစ်တဲ့ mmcc.office@ commerce.gov.mm သို့ဖြစ်စေ၊ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဝဘ်ဆိုဒ်ဖြစ်တဲ့ www. mmcc.gov.mm သို့ဖြစ်စေ ပေးပို့တိုင်ကြားနိုင်ပါတယ်။