တရားမဝင် ထိုင်းနိုင်ငံထုတ် ဘီယာများတင်ဆောင်လာသော ၂၂ ဘီးယာဉ်အား ကျိုက်တိုမြို့ အဝင်လမ်းမပေါ်တွင် Mobile Team မှ တားဆီးနိုင်

 

          တရားမဝင်ကုန်သွယ်မှုတားဆီးရေး၊ စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းတို့ကို  Mobile Team အဖွဲ့မှ တာဝန်ယူ ဆောင်ရွက်လျက်ရှိနေပါတယ်။ ယခုအခါ သြင်္ကန်ကာလ (ဘီယာ၊ အရက်ရာသီ) ရောက်ရှိ လာပြီဖြစ်၍ တစ်ဖက်နိုင်ငံမှ အရက်၊ ဘီယာများ တရားမဝင် ပြည်တွင်းသို့ ဝင်ရောက်လာမှု မရှိစေရေး စိစစ်ဖော်ထုတ်တားဆီးအရေးယူရန် အလေးထားကြပ်မတ်ဆောင်ရွက်နေစဉ် မတ်လ ၂၈ ရက်နေ့ ညပိုင်းမှာ ကျိုက်ထိုမြို့သို့ ၂၂ ဘီးကုန်တင်ယာဉ်များနဲ့ ဘီယာများသယ်ဆောင်လာမယ်လို့ သတင်းရရှိတဲ့အတွက် တရားမဝင် ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးဗဟိုကော်မတီ ကွပ်ကဲမှုရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစီးသော အဖွဲ့ဝင်              ၆ ဦးပါ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့အား ဖွဲ့စည်းတာဝန်ပေးအပ်ကာ ရန်ကုန်-မြဝတီလမ်းကြောင်း၊ ကျိုက်ထိုမြို့နဲ့ ဘီးလင်းမြို့အကြားမှာ တားဆီးစစ်ဆေးနိုင်ရန် ပြင်ဆင်မှုပြုလုပ်ခဲ့ပါတယ်။

          အထူးစစ်ဆေးရေးအဖွဲ့ဟာ ကျိုက်ထိုမြို့သို့ မတ်လ  ၂၉ ရက် ဝ၁ း ၃၀ နာရီခန့်မှာ ရောက်ရှိပြီး ကျိုက်ထိုနဲ့ ဘီလင်းမြို့အကြား စောင့်ဆိုင်း၍ မြဝတီဘက်မှ ဝင်ရောက်လာသော ကုန်တင်ယာဉ်ကြီးများအား  တစ်စီးချင်းစစ်ဆေးဆောင်ရွက်စဉ် ဝ၂ း ၄၀ ချိန်မှာ သတင်းပေးတိုင်ကြားချက်ပါ ၂၂ ဘီးယာဉ် 6 I/xxxx အား ရပ်တန့် စစ်ဆေးရာမှာ ထိုင်းနိုင်ငံထုတ် ဘီယာဖာများ အပြည့်တင်ဆောင်လာတာကို စစ်ဆေးတွေ့ရှိခဲ့တဲ့အတွက် ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တို့အား အသေးစိတ်စစ်ဆေးချက်ရယူဆောင်ရွက်ခဲ့ပြီး လှုပ်ရှား-၂ ညောင်ခါးရှည် Mobile Team သို့ အဆက်အသွယ်ရယူကာ လုံလောက်သော လုံခြုံရေးနဲ့ ဝန်ထမ်းအင်အား ထပ်မံဖြည့်တင်းဆောင်ရွက်ခဲ့ပါတယ်။

          Mobile Team မှ ထပ်မံရောက်ရှိလာသော လုံခြုံရေးဝန်ထမ်း ပူးပေါင်းအင်အားဖြင့် တရားမဝင် ထိုင်းနိုင်ငံ ထုတ်ဘီယာဖာများနဲ့  ၂၂ ဘီးကုန်တင်ယာဉ်အား ကျိုက်ထို မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆူးလေဆိပ်ကမ်း သိုလှောင်ရုံသို့ သယ်ယူပို့ဆောင် ခဲ့ပါတယ်။ထို့နောက်ဆူးလေမြေပြင်ချစစ်အဖွဲ့မှ အသေးစိတ်စစ်ဆေးရာ ထိုင်းနိုင်ငံထုတ် Chang Beer ( 330ml) (1 x 24 Pcs) ၄၀ဝ၆ ဖာ ခန့်မှန်းတန်ဖိုး ကျပ်သိန်းလေးရာခြောက်သောင်းတိတိအား စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့  သတင်းရရှိပါတယ်။ ဘီယာများ တင်ဆောင်လာသော ကားတန်ဖိုးမှာ ခန့်မှန်းတန်ဖိုး ကျပ်သိန်းတစ်ထောင် ခန့်ဖြစ်ပြီး အကောက်ခွန်ဦးစီးဌာနတွင် အမှုတွဲဖွင့်လှစ်ထားပြီးဖြစ်ကြောင်း သိရှိရပါတယ်။

          ရန်ကုန်မြို့ ကမ်းနားလမ်းရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးရုံးတွင် အခြေပြု ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသော တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးဗဟိုကော်မတီကွပ်ကဲမှုရုံးသည် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများ၊ အပြည်ပြည်ဆိုင်ရာလေဆိပ်များ၊ မန္တလေး-မူဆယ်နှင့် ရန်ကုန်-မြဝတီကုန်သွယ်မှု လမ်းကြောင်းများ၊ မန္တလေးနှင့် မူဆယ်၊ တာချီလိတ်၊ ကျိုင်းတုံနယ်စပ်ကုန်သွယ်ရေးစခန်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယု၊ ဝမ်တာပင်းနှင့် ဝမ်တာပုံတို့ရှိ  Mobile Team အဖွဲ့များရဲ့ တရားမဝင်ကုန်သွယ်မှု တားဆီးရေး၊ စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းတို့ကို ကြီးကြပ်ကွပ်ကဲဆောင်ရွက်လျက်ရှိပါတယ်။

                                                                                DCCA DCCA