ရွှေပညာအခမဲ့သင်တန်းအမှတ်စဉ် (၁၈) သင်တန်းဖွင့်လှစ်

   ရွှေပညာ အခမဲ့သင်တန်းအမှတ်စဉ် (၁၈) သင်တန်းဖွင့်ပွဲအခမ်းအနားကို  မတ် ၂၃ ရက်နံနက်၈နာရီက မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် ၁၄ လမ်း၊ ပြည်ကြီးရန်လုံရပ် ကွက်ရှိ အောင်သမာဓိစိန်ရွှေရတနာဆိုင်နှင့် ရွှေသန့်စင်လုပ်ငန်းသင်တန်းခန်းမတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အမှုဆာင်များ၊ ရွှေလုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

   အခမ်းအနားတွင် အောင်သမာဓိ စိန်ရွှေရတနာဆိုင်နှင့် ရွှေသန့်စင်လုပ်ငန်းရှင် ဦးအောင်ဆန်းဝင်းက အဖွင့်မိတ်ဆက်စကားပြောကြားပြီး ဦးညွန့်ရင်နှင့် Seagull Co,Ltd ဥက္ကဋ္ဌ ဦးကြည်ဝင်းတို့က   နှုတ်ခွန်းဆက်စကားပြောကြားသည်။ ထို့နောက် သင်တန်းမှူး ဦးခင်မောင်မြင့်က သင်တန်းပို့ချမည့် ဆရာများနှင့် မိတ်ဆက်ပေးသည်။

   သင်တန်းတွင် ကျွမ်းကျင်ပညာရှင်များက ရွှေစတင်ဖြစ် ပေါ်လာပုံ၊ ရွှေဂုဏ်သတ္တိနှင့် အသုံးဝင်ပုံများ၊ ရွှေလျှော်ဖိုတည် ထောင်၍ ရွှေလျှော်ချွတ်သန့်စင်ပုံအဆင့်ဆင့်၊ ရွှေဆိုင် ဖွင့်လှစ်တည်ထောင်ခြင်း၊  ရွှေလုပ်ငန်းရှင်အဖြစ် အသက်မွေးဝမ်းကျောင်းပြုခြင်း၊  ရွှေအတွက်အချက်၊ စိန်အကြောင်းတို့ကို စာတွေ့လက်တွေ့ မတ်၂၈ ရက်အထိ အခမဲ့ သင်ကြားပေးရာ သင်တန်းသား၊ သင်တန်းသူ ၂၀၆ ဦး တက်ရောက်သည်။ သင်တန်းအမှတ်စဉ်  ၁ မှ ၁၇ အထိသင်တန်းသား ၇၁၈၀ ဦးအခမဲ့သင်ကြားပေးခဲ့သည်။

သီဟကိုကို (မန္တလေး)