နိုင်ငံခြားဖြစ် ဝိုင်အမျိုးမျိုးကို မတ်လ ၁၇ ရက်နေ့မှ၍ ပင်လယ်ရေကြောင်းနဲ့ လေကြောင်းတို့မှ တရားဝင်တင်သွင်းခွင့်ပြုလိုက်ပြီ
အရက်၊ဘီယာ၊ဝိုင်တို့ကို ယခင်က တင်သွင်းရန် ကန့်သတ်ထားခဲ့သော်လည်း ပြည်တွင်းဈေးကွက် လိုအပ်ချက်ရှိခြင်း၊ ပြောင်းလဲလာသော အခြေအနေများအရ နိုင်ငံခြားသားဝင်ထွက်မှု များပြားလာခြင်းတို့ကြောင့် နိုင်ငံတကာမှာ ဖွင့်လှစ်ရောင်းချပေးလျက် ရှိတဲ့ Duty Free Shops (အကောက်ခွန်လွတ်အရောင်းဆိုင်များ) မှာ ရောင်းချရန် အတွက်နဲ့ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနရဲ့ ထောက်ခံချက်နဲ့ ဟိုတယ်များတွင် အသုံးပြုရန်အတွက် တင်သွင်းခွင့်ပြုပေးလျက်ရှိပါတယ်။
တင်သွင်းရန် ကန့်သတ်ထားတဲ့ ပစ္စည်းများအနက် ဝိုင်ဟာတိုးတက်ပြောင်းလဲ လာတဲ့ လူနေမှုပုံစံအရ ညစာစားပွဲများ၊ ဧည့်ခံပွဲများမှာ အမှတ်သင်္ကေတ တစ်ခုအနေနဲ့ ထုံးတမ်းစဉ်လာအရ အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်လျက်ရှိခြင်း၊ အခြား အိမ်နီးချင်းနိုင်ငံများနဲ့ ASEAN နိုင်ငံများမှလည်း တရားဝင် တင်သွင်းခွင့် ပြုလျက်ရှိခြင်း၊ ပြည်တွင်းမှာ ထုတ်လုပ်သူ နည်းပါးသော ပစ္စည်းဖြစ်ခြင်း တို့ကြောင့် ယခင်က တင်သွင်းရန် ကန့်သတ် ထားခဲ့သော်လည်း ယခုအခါ ဈေးကွက်လို အပ်ချက်ပေါ်မူတည်ပြီး အကန့်အသတ်နဲ့ ဖြေလျှော့ တင်သွင်းရန် ခွင့်ပြုလိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။
နိုင်ငံတော်အနေနဲ့ အစိုးရသစ်တာဝန်ယူခဲ့ချိန်မှစ၍ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့ပြီး စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများအနေနဲ့ ပုဂ္ဂလိကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်ကာ ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေး၊ ကုန်သွယ်မှုမြှင့်တင်ရေး၊ ကုန်သွယ်မှုဖြေလျှော့ ပေးရေးတို့ကို အလေးထားဆောင်ရွက်လျက်ရှိပါတယ်။
ဝိုင်တင်သွင်းခွင့်လျှောက်ထားသူများမှာ ကုမ္ပဏီ။အသင်းအဖွဲ့မှတ်ပုံတင်၊ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်များရှိရန်နဲ့ တင်သွင်းခွင့်လျှောက်ထားသည့်ကုမ္ပဏီများသည် သက်ဆိုင်ရာကုမ္ပဏီ၏ Dealership ရှိသူများ ဖြစ်ရပါမယ်။
ဝိုင်တင်သွင်းခွင့်အတွက် သွင်းကုန်လိုင်စင်လျှောက်ထားရာမှာ ပူးတွဲတင်ပြရမဲ့စာရွက်စာတန်းတွေကို ဖော်ပြပေးလိုက်ရပါတယ်-
- ကုမ္ပဏီ။အသင်းအဖွဲ့ Letter Head ပါလျှောက်လွှာ
- Proforma Invoice မူရင်း သို့မဟုတ် အရောင်းအဝယ်စာချုုပ် (Sale Contract ) မူရင်း
(တင်သွင်းဝိုင်နှင့်သက်ဆိုင်သော အသေးစိတ်အချက်အလက်များကို ပြည့်စုံစွာဖော်ပြရမည်)
- ဝိုင်တင်သွင်းခွင့်မှတ်ပုံတင်ကတ်ပြား(မူရင်း။မိတ္တူ)
- တင်သွင်းလာသောဝိုင်ပုလင်းပေါ်တွင် ကပ်နှိပ်တင်သွင်းဖြန့်ချီမည့်ကုမ္ပဏီ၏ အမှတ်အသား
တံဆိပ်ကို ဖော်ပြရန်
- အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ထောက်ခံချက်
- တင်သွင်းလာသည့်ဝိုင်များကို သိုလှောင်မည့် လိပ်စာနှင့် ရောင်းချဖြန့်ဖြူးမည့်အစီအစဉ်
- ကုမ္ပဏီ။အသင်းအဖွဲ့၏ အဖွဲ့ဝင်ဒါရိုက်တာ ကိုယ်တိုင်မဟုတ်ပါက ကိုယ်စားလှယ်ကတ်
ဝိုင်တင်သွင်းခွင့်လျှောက်ထားသူများအနေနဲ့ အောက်ပါစည်းကမ်းချက်များကို
လိုက်နာရမယ်လို့ သိရှိရပါတယ်-
- ဝိုင်တင်သွင်းခွင့်မှတ်ပုံတင်ကတ် ကိုင်ဆောင်ထားသူသည် တင်သွင်းခြင်းလုပ်ငန်းကို
ကိုယ်တိုင် ဆောင်ရွက်ရမည်။
- သက်ဆိုင်ရာဌာနများ၏ တည်ဆဲဥပဒေအရ ပြဌာန်းထားသော စည်းမျဉ်း ၊ စည်းကမ်း၊
မူဝါဒလုပ်ထုံးလုပ်နည်းများနှင့် အခါအားလျော်စွာထုတ်ပြန်သောစည်းမျဉ်းစည်းကမ်းများကို
လိုက်နာ ဆောင်ရွက်ရမည်။
- ကုန်ပစ္စည်းများပေါ်တွင် ဝိုင်အမျိုးအစား၊အယ်လ်ကိုဟောပါဝင်မှု ရာခိုင်နှုန်းနှင့်ပစ္စည်းတင်သွင်း ဖြန့်ချီသူ၏
(ကုမ္ပဏီအမည်၊ ကုမ္ပဏီလိပ်စာ)စသည့် အချက်များကို အင်္ဂလိပ်ဘာသာဖြင့်
ဖော်ပြရမည်။
- ဝိုင်ပုလင်းတိုင်းတွင် ပြည်တွင်းအခွန်၏ Tax Paid အမှတ်တံဆိပ်ကပ်ပြီးမှသာ ဖြန့်ချီရမည်။
- တင်သွင်းထားသည့် ပစ္စည်းများအတွက် ကုန်ဝင်။ထွက်။လက်ကျန် မှတ်တမ်းထားရှိပြီးလိုအပ်သည့်အချိန်တွင်
သက်ဆိုင်ရာဌာနများမှ စစ်ဆေးပါကတင်ပြနိုင်ရေး Stock Ledger ရေးသွင်းထားရမည်။
- ကုမ္ပဏီတစ်ခုမှလျှောက်ထားပြီး အမျိုးအစားနှင့်တံဆိပ်တူသော ဝိုင်ကို အခြားကုမ္ပဏီ တစ်ခုမှ ထပ်မံလျှောက်ထားနိုင်သည်။
- ပင်လယ်ရေကြောင်းနှင့်လေကြောင်းမှသာ တင်သွင်းခွင့်ပြုပါမည်။
- တင်သွင်းလာသည့်ဝိုင်များ၏ Country of Origin (CO) ကို တစ်ပါတည်း ထည့်သွင်း ဖော်ပြရမည်။
- တင်သွင်းဝိုင်၏ အယ်လကိုဟော ပါဝင်မှုရာခိုင်နှုန်း (Alcohol By Volume) မှာ (၇%)မှ (၂၀%)အတွင်းရှိရမည်။
စစ်မှန်ကောင်းမွန်တဲ့ ဝိုင်တင်သွင်းမှုကို စနစ်တကျ တရားဝင်တင်သွင်းခွင့်ပြုလိုက်ခြင်းဖြင့် ပြည်တွင်းဈေးကွက် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခြင်း၊ ကျန်းမာရေးနဲ့ညီညွတ်ပြီး သန့်ရှင်းလတ်ဆတ်သော ဝိုင်များကိုသာ တင်သွင်းခွင့်ပြုနိုင်ခြင်း၊ တရားမဝင် ဝင်ရောက်နေတဲ့ ဝိုင်များ အပေါ် စနစ်တကျထိန်းသိမ်းနိုင်မှု ရှိခြင်း၊ နိုင်ငံတော်အခွန်အခများ ရရှိစေနိုင်ခြင်းစတဲ့ အကျိုးရလာဒ်များ ရရှိစေနိုင်မှာဖြစ်ပါတယ်။ ဝိုင်အပါအဝင် အဖျော်ယမကာများ သုံးစွဲမှု ပမာဏထိန်းချုပ်မှုနဲ့ပတ်သက်တဲ့ တိကျသော လုပ်ထုံးလုပ်နည်းများ၊ အခွန်နှုန်းထား၊ ဥပဒေအရ ကန့်သတ်ချက်၊ သုံးစွဲနိုင်တဲ့ အသက်အရွယ်ကန့်သတ်မှု၊ ပညာပေး အစီအစဉ်များနဲ့ မီဒီယာများက တစ်ဆင့် အသိပေးခြင်း တို့ကို ဆောင်ရွက်ခြင်း အားဖြင့် ဖြစ်ပေါ်လာမဲ့ပြဿနာ များကို လျှော့ချပေးနိုင်တော့မှာ ဖြစ်ပါတယ်။
ဝန်ကြီးဌာနအနေနဲ့ ပြည်ပမှ တင်သွင်းခွင့်မပြုသော ကျန်ပစ္စည်းများကို ပြည်တွင်းဈေးကွက်လိုအပ်ချက် အခြေအနေပေါ် မူတည်ပြီးအခါအားလျော်စွာ ပြင်ဆင်ပြောင်းလဲသင့်သည်များကို ပြင်ဆင်ဆောင်ရွက်ခွင့် ပြုပေးသွားမည်လို့ ဝိုင်တင် သွင်းခွင့်ပြုတဲ့ အမိန့်ကြော်ငြာစာမှာ ထည့်သွင်းဖော်ပြထားကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။အသေးစိတ်သိရှိလိုသော အချက်အလက်များရှိပါက သွင်းကုန်ဌာနသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်းအသိပေးလိုက်ပါရစေ။
ပန်