အွန်လိုင်းစီးပွားရေးလုပ်ငန်းများ ကိုရီးယားတွင်ပိုမိုလုပ်ကိုင်လာ

   ကိုရီးယားစစ်ပွဲပြီးစအချိန်တွင် မွေးဖွားခဲ့ကြသည့် ကိုရီးယားများလုပ်ငန်းခွင်မှ အနားယူမှုများပြားလာသည့်အလျှောက် ကိုရီးယားသက်လတ်ပိုင်းများသည် အင်တာနက်အွန် လိုင်းမှ ဈေးရောင်းခြင်းလုပ်ငန်းများ စတင်လုပ်ဆောင်လာခဲ့ကြပြီး၊ လုပ်ငန်းငယ်လေးများသည်လည်း အင်တာနက်မှတစ်ဆင့် ဈေးကွက်သစ်များရှာဖွေလာခဲ့ကြသည်။ အွန်လိုင်း အရောင်းဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် 11st.co.kr ၏ မတ်လ ၂ ရက်နေ့ကထုတ်ပြန်သည့် စာရင်းအရ အသက် ၅၀ နှင့် ၆၀ ပတ်ဝန်းကျင်အရွယ်များ၏ အွန်လိုင်းမှ ဈေးရောင်းချ သည့် လုပ်ငန်းဆောင်ရွက်လာမှု အရေ အတွက်သည် ယခင်နှစ်က ထက်စာလျှင် ၄၀ ရာခိုင်နှုန်းတိုးလာသည်ဟုသိရသည်။

   အွန်လိုင်းမှဈေးရောင်းသည့် အသက် ၅၀ ပတ်ဝန်းကျင်အရွယ်များ၏  အရေအတွက်သည် ၂၀၁၂ ခုနှစ်တွင် ၇ ဒသမ ၉ ရာခိုင်နှုန်းသာရှိရာမှ ၂၀၁၄ ခုနှစ်တွင် ၁၀ ဒသမ ၈ ရာခိုင်နှုန်းတိုးတက်ခဲ့သည်။ e-commerce သင်တန်းတက်ရောက်သူများတွင်လည်း သက်လတ်ပိုင်းအရွယ်များ တိုးလာခဲ့သည်။ eBay Korea ၏ အရောင်းကျွမ်းကျင် သင်တန်းများတွင် အသက် ၅၀ နှင့် ၆၀ပိုင်းသင်တန်းသားများသည် သင်တန်းသားစုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းရှိသည်။ ကွန်ပျူတာနှင့် အကျွမ်းတဝင်မရှိသည့် အသက် ၅၀ နှင့် ၆၀ ပိုင်းများ၏ e-commerce သင်တန်းတက်ရန် လျှောက်လွှာများသည် နှစ်စဉ်နှစ်ဆတက်လာကြောင်း၊ eBay Korea မှ Ki-woong Park ကပြောကြားသည်။

သန့်ဇင်၊ စီးပွားရေးသံမှူး၊

မြန်မာသံရုံး၊ ဆိုးလ်မြို့