စင်ကာပူနိုင်ငံတွင် စားသုံးသူကာကွယ်ရေးလုပ်ငန်းတိုးတက်စေရန် စီစဉ်ဆောင်ရွက်သွားမည်

 

        စင်ကာပူနိုင်ငံတွင် စားသုံးသူကာကွယ်ရေးလုပ်ငန်းနှင့် တရားမျှတသောကုန်သွယ်မှုလုပ်ငန်း တိုးတက်စေရန် အစိုးရ၊ စင်ကာပူစားသုံးသူအသင်းအဖွဲ့နှင့် စက်မှုလုပ်ငန်းများမှ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနဝန်ကြီးဖြစ်သူ Mr. Teo Ser Luck မှ လွှတ်တော်တွင် ပြောကြားခဲ့ပါသည်။ စင်ကာပူနိုင်ငံတွင် ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနသည် စင်ကာပူစားသုံးသူအသင်းအဖွဲ့နှင့် ပူးပေါင်း၍ ကြော်ငြာခြင်း၊ ဟောပြောခြင်း၊ ပုံနှိပ်ထုတ်ဝေခြင်း စသည့်စားသုံးသူပညာပေးလုပ်ငန်းများကို ကျယ်ပြန့်စွာ ဆောင်ရွက်လျက် ရှိပြီး နောင်ကာလ တွင် တိုင်တန်းမှုများပြားလာနိုင်သည့် အသက်အရွယ်ကြီးရင့်သူများအား စားသုံးသူအကာအကွယ်ပေးရေး ဆိုင်ရာအလေးဂရုပြုမှုလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   စင်ကာပူစားသုံးသူအသင်းအဖွဲ့နှင့်စင်ကာပူခရီးသွားလုပ်ငန်းအဖွဲ့တို့သည်သက်ဆိုင်ရာ ဈေးဆိုင်တန်းများမှ လုပ်ငန်းရှင်များနှင့်ပူးပေါင်း၍ ပြည်သူများအား စားသုံးသူအများအပြားမှ တိုင်တန်းလျက်ရှိသည့် လက်လီ လုပ်ငန်းရှင်များနှင့် ပတ်သက်၍ သတင်းအချက် အလက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။ အဆိုပါအဖွဲ့အစည်းများအနေဖြင့် Sim Lim Square’s Management Council  နှင့်ပူးပေါင်း၍ စားသုံးသူများကို အင်္ဂလိပ်နှင့်တရုတ်ဘာသာများဖြင့် ရေးသားထားသည့် သတိပေး သည့် လှုံ့ဆော်စာများနှင့် အကြံပေးသည့်ပိုစတာများကို ဈေးဆိုင်တန်း များ၏ဝင်ပေါက်များ၊ ဓါတ်လှေကားဧည့်ခန်းဆောင်များနှင့် ဓါတ်လှေကား အတွင်းတို့တွင် ချိတ်ဆွဲထား ရှိပြီး ဆက်လက်ထုတ်ဝေဖြန့်ဖြူးနိုင်ရန်လည်း ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် စင်ကာပူ ခရီးသွား လုပ်ငန်းအဖွဲ့သည် ှ Sim Lim Square’s Management Council  နှင့်ပူးပေါင်း၍ စားသုံးသူ များကို အကြံဉာဏ်ပေးထားသည့် ဘာသာစကား (၄) မျိုးဖြင့် ရေးသားထားသည့် ကြေညာချက်များ ကို ဈေးဆိုင်တန်းများ၌ ဆိုင်ခန်းများ ဖွင့်လှစ်သည့် အချိန်ကာလများ တွင် ပြည်သူများအား ပြသသွားမည်ဖြစ်ပါသည်။

          လက်ရှိကာလတွင် ှ Sim Lim Square သည် STA Retailer အစီအစဉ်ကို တိုးတက်စေရန် ဆောင်ရွက်လျက်ရှိသကဲ့သို့ Management Council သည် Nanyang Polytechnic’s Sinagpore Institute of Retail Studies နှင့်ပူးပေါင်း၍ ှ SPRING အဖွဲ့အစည်း၏ အကူအညီ ဖြင့် ှ Sim Lim တွင် ရောင်းချနေသော လက်လီရောင်းချသူများ၏ ဝန်ဆောင်မှုလုပ်ငန်းများ တိုးတက် စေရန် သင်တန်းပို့ချသွားနိုင်ရေး အတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

          ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနသည် ဥပဒေအရ တရားမျှတမှုမရှိသော ကုန်သွယ်မှု အလေ့အထများကို ပိုမိုလျင်မြန်ထိရောက်စွာ တားဆီးပေးနိုင်မည့်နည်းလမ်းများကို ပိုမိုခိုင်မာစေရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုကဲ့သို့ဆောင်ရွက်ခြင်းဖြင့် လက်လီရောင်းချသူအချို့မှ ဥပဒေချိုးဖောက်မှုများကို ကာကွယ်တားဆီးခြင်း၊ ကုမ္ပဏီသစ်များအား ကွဲပြားသောအမည်ဖြင့် တည်ထောင်ခြင်းကဲ့သို့သော တရားရုံးများမှချမှတ်သည့် ကန့်သတ်ချက်များကို ရှောင်လွှဲနိုင်ရန်ကြိုးပမ်းခြင်းစသည့် အပြုအမူများကို တားဆီးသွားနိုင်မည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။ ကုန်သွယ်ရေးနှင့် စက်မှု ဝန်ကြီးဌာနသည် အခြားနိုင်ငံများ အထူးသဖြင့် ဟောင်ကောင်နှင့် ဩစတြေးလျနိုင်ငံတို့၏ အကောင်းဆုံးအလေ့အထများ၊ ဥပဒေပြဌာန်းမှုများနှင့် ပြစ်ဒဏ်ပေးမှုမူဘောင်များကို လေ့လာလျက်ရှိပြီး အမှုကိစ္စများကို စုံစမ်းစစ်ဆေးရန်နှင့် ဥပဒေတွန်းအားပေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်တို့ အတွက် အဖွဲ့အစည်းတစ်ခုခန့်အပ်ရန်ကိစ္စများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

         

                                                                မျိုးမျိုးထိုက်၊ စားသုံးသူရေးရာဌာနခွဲ