ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် စားသုံးသူအကာအကွယ်ပေးရေး အကြောင်းသိကောင်းစရာများ ဟောပြောဆွေးနွေး

 

           ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ၂၀၁၅ ခုနှစ် မတ်လ ၅ ရက်နေ့တွင် စားသုံးသူအကာအကွယ်ပေးရေးအကြောင်း သိကောင်းစရာများ ဟောပြောဆွေးနွေးပွဲ ကျင်းပခဲ့ပါသည်။

          ဟောပြောဆွေးနွေးပွဲတွင် ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးအောင်သိုက် (ဦးစီးအရာရှိ) က ဟောပြောဆွေးနွေးရာနိုင်ငံတော်မှ  ၂၀၁၄ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က ဥပဒေအမှတ် (၁၀) ဖြင့် စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေကို အတည်ပြု ပြဌာန်းခဲ့ပြီး ဖြစ်ကြောင်း၊ ၎င်းဥပဒေ၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်များ အောင်မြင်စေရန်အတွက် စားသုံးသူ အကာအကွယ်ပေးရေး ဗဟိုကော်မတီကို  ၂၀၁၄ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး ပဲခူးတိုင်းဒေသကြီး အတွင်းရှိ စားသုံးသူများ နစ်နာမှုကို ဖြေရှင်း ဆောင်ရွက်ပေးရန် ပဲခူးတိုင်းဒေသကြီး စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဌာန ဝန်ကြီးဦးကျော်မြင့်က ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးတင်အေးအတွင်းရေးမှူးအဖြစ် ပါဝင်သောအဖွဲ့ဝင် ၁၀ ဦးဖြင့် ပဲခူးတိုင်းဒေသကြီး အစိုးရမှ  ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ဖွဲ့စည်းတာဝန်ပေးခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

          ပဲခူးတိုင်းဒေသကြီး စားသုံးသူအငြင်းပွားမှု မဖြေရှင်းရေးအဖွဲ့၏ လုပ်ငန်းတာဝန်များကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အဖွဲ့၏ လက်အောက်တွင်ရှိသော အဖွဲ့ဝင် ၁၁ ဦးဖြင့်လည်းကောင်း၊ ပြည်ပမှ ဝင်ရောက်လာသောကုန်စည်များ လုံခြုံစိတ်ချမှုမရှိစေရန် စစ်ဆေးခြင်း နှင့် ပြည်တွင်းတွင်လည်း လုံခြုံစိတ်ချမှု မရှိသော ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများ အား ဖြန့်ဖြူးရောင်းချခြင်း မရှိစေရန် ဆောင်ရွက်ပေးမည့် ထုတ်ကုန်များလုံခြုံစိတ်ချရမှု ဆိုင်ရာ လုပ်ငန်းကော်မတီကို အဖွဲ့ဝင်  ၁၁ ဦးဖြင့်လည်းကောင်း၊ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် တိုင်းဒေသကြီးအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ ဥက္ကဋ္ဌမှ ဖွဲ့စည်းတာဝန်အသီးသီးပေးခဲ့ ကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ စားသုံးသူအကာ အကွယ်ပေးရေး ဥပဒေတွင် ပါရှိသည့် စားသုံးသူများ၏ အခွင့်အရေးကို ရယူနိုင်သကဲ့သို့ တာဝန်များကိုလည်း လိုက်နာရန်လိုအပ်ကြောင်း ထုတ်လုပ်ရောင်းချသူ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့်လည်း မိမိတို့၏ တာဝန် တားမြစ်ချက်များကို လိုက်နာရန် လိုအပ်ကြောင်း ဥပဒေပါ ပြစ်မှုပြစ်ဒဏ်များ အကြောင်း အသေးစိတ်ရှင်းလင်ေးဆွးနွေးခဲ့ပါသည်။

          ထို့နောက် အစားအသောက်ကုန်ပစ္စည်းများ တွင် ပါဝင်ရမည့် အမှတ်တံဆိပ်၊ ပါဝင်ပစ္စည်းအချိုးအစား မှတ်တမ်း၊ ထုတ်လုပ်သည့် ရက်စွဲ နှင့် အမှတ်စဉ်၊ နောက်ဆုံးသုံးစွဲရမည့်ရက်စွဲ၊ ဘေးထွက်ဆိုးကျိုး၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ ထုတ်လုပ်သည့် အမည်နှင့် လိပ်စာ စသည့်ပါဝင်ရမည့် အချက်များအား အကျယ်တဝင့်ရှင်းလင်းပြောကြားပြီး၊ အရက်ဘီယာ၊ ဆေးလိပ်၊ ကွမ်းယာစသည်တို့သည် လူကိုစွဲလမ်းစေသော  ဓါတုဗေဒပစ္စည်းများ ပါဝင်နေပြီး၊ ၎င်းတို့ကြောင့်ဖြစ်ပေါ်လာမည့် ကင်ဆာရောဂါစသည့် ကျန်းမာရေးနှင့် စီးပွားရေး ထိခိုက်စေမည့် အကြောင်း၊ မုန့်မျိုးစုံ၊ အချိုရည်၊ ဂျယ်လီစသည် သရေစာမုန့်များတွင်လည်း စားသုံးသူအကြိုက်၊ အလှအပများခြယ်မှုန်းထားသည့် ဓါတုဆိုးဆေးများ၏ အန္တရာယ်ဆိုးကျိုးများအကြောင်းကို အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့ပါသည်။

          ထို့အပြင် စီးပွားရေးလုပ်ငန်းရှင်များက မိမိအကျိုးစီးပွားကိုသာကြည့်၍ လုပ်ကိုင်သဖြင့် အန္တရာယ်ရှိသည့် အစားအစာများ၊ လူသုံးကုန်ပစ္စည်းများဖြစ်သည့် အလှကုန်ပစ္စည်းများ၊ ဈေးကွက်တွင်များပြားနေခြင်းကြောင့် " အသက်ဉာဏ်စောင့် ဥစ္စာကံစောင့် "ဆိုတဲ့ စကားပုံအတိုင်း စားသုံးသူများမှ အစားအသောက် များအား ရွေးချယ်စားသုံးကြရန်နှင့် ကုန်ပစ္စည်းများ၏ သတင်းအချက်အလက်များ အမြဲလေ့လာစုံစမ်းရန် လိုကြောင်း ပြောကြားပြီး  ဟောပြောဆွေးနွေးပွဲသို့ တက်ရောက်လာသူများအား စားသုံးသူအကာအကွယ်ပေးရေး အကြောင်း သိကောင်းစရာ ပါဝင်သည့် လက်ကမ်းစာစောင်များ၊ နိုင်ငံပိုင်သတင်းစာများမှ တရားဝင်ကြေညာ ထားသော စားသုံးသူအကာအကွယ်ပေးရေး ဥပဒေအခန်းများအား မိတ္တူကူး၍ ဖြန့်ဝေကြောင်း သိရှိရပါသည်။

          ဟောပြောဆွေးနွေးပွဲသို့ ညောင်လေးပင်မြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်က မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပဲခူးတိုင်းဒေသကြီး စာသုံးသူရေးရာဌာနမှ ဝန်ထမ်းများ စုစုပေါင်း ၇၅ ဦး တက်ရောက်ကြောင်း သတင်းရရှိပါသည်။

 

                                                                        ကျော်ဆန်းဝင်း (စာသုံးသူ)