ဗီယက်နမ်နိုင်ငံတွင် စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာဆွေးနွေးပွဲကျင်းပပြုလုပ်ပြီး ကုမ္ပဏီများမှစားသုံးသူများအား ဦးစားပေးစဉ်းစားဆောင်ရွက်ရန် တိုက်တွန်း

 

          ဗီယက်နမ်နိုင်ငံ ဒါနမ်မြို့တွင် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့၌ ဗီယက်နမ်နိုင်ငံ စက်မှု နှင့် ကုန်သွယ်မှု ဝန်ကြီးဌာနလက်အောက်ရှိ ဗီယက်နမ် ယှဉ်ပြိုင်မှုအာဏာပိုင်အဖွဲ့အစည်းနှင့် ကိုးရီးယား စားသုံးသူအဖွဲ့အစည်းတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် စားသုံးသူ အကာအကွယ်ပေးရေးဆိုင် ရာဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲ တွင် စားသုံးသူအခွင့်အလမ်းကာကွယ်မှုနှင့် ပတ်သက်၍ ပြည်တွင်းနှင့်ပြည်ပမှ ကျွမ်းကျင်ပညာရှင်များမှ အတွေ့အကြုံများကို ဆွေးနွေးဖလှယ်ခဲ့ ကြပါသည်။ အဆိုပါဆွေးနွေးပွဲတွင် ယှဉ်ပြိုင် မှုအာဏာပိုင်အဖွဲ့အစည်း၏အကြီးအကဲဖြစ်သည့် Mr. Bach Van Mung မှ စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူများ၏အခွင့်အလမ်းများကို ကာကွယ်ရာတွင်တာဝန်ယူမှုရှိရန် တိုက်တွန်းပြောကြားခဲ့ပြီး ၎င်း၏ဌာနအဖွဲ့အစည်းအနေဖြင့်လည်း စီးပွားရေး လုပ်ငန်း ရှင်များအား စားသုံးသူများ၏ အခွင့်အလမ်းကိုတာဝန်သိတတ်စေရန် အမျိုးမျိုးသော လှုပ်ရှားဆောင်ရွက်မှုများကို ဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ၎င်းမှ ဈေးကွက်စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ နိုင်ငံတကာ ထိုးဖောက် ဆောင်ရွက်မှုတို့ လျင်မြန်စွာ ဖြစ်ထွန်းလာသဖြင့် စားသုံးသူအခွင့်အလမ်းချိုးဖောက်မှုများမှာ ဆန်းကြယ်လာခဲ့ ကြောင်းလည်း  ပြောကြားခဲ့ပါသည်။ ယှဉ်ပြိုင်မှုအာဏာပိုင်အဖွဲ့အစည်း၏ ဒုတိယအကြီးအကဲဖြစ်သူ Mr. Trinh Anh Tuan မှ စားသုံးသူ အခွင့် အလမ်း ကာကွယ်သည့်ဥပဒေအရ စီးပွားရေးလုပ်ငန်းများသည် စားသုံးသူများအား သတင်းအချက်အလက် ပေးအပ်ရန်နှင့် တိုင်တန်းမှုများကို ဖြေရှင်းဆောင်ရွက်ရန် စသည့်တာဝန်များ ကို လိုက်နာဆောင်ရွက်မှုအားနည်းနေ သေးကြောင်း၊ အာဏာပိုင်အဖွဲ့အစည်းများအနေဖြင့်လည်း ဗဟိုအဆင့်မှ ဒေသအလိုက်အဆင့်အထိ စားသုံးသူ အခွင့်အလမ်းများကို ကာကွယ်ရာတွင် များစွာ အဆင်သင့်ဖြစ်မှုမရှိသေးကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင်လက်ရှိ ကာလတွင် စားသုံးသူအခွင့်အလမ်းများကို အကာ အကွယ်ပေးရန်ထူထောင်ထားသည့် လူမှုအဖွဲ့အစည်းများ၏ အရေအတွက် သည်လည်း အလွန်နည်းပါးနေသေးကြောင်းလည်း ၎င်းမှပြောကြားခဲ့ပါသည်။ ကိုးရီးယားစားသုံးသူ အဖွဲ့အစည်းမှကျွမ်းကျင်ပညာရှင်ဖြစ်သူ Mr. Lee Hyun Chang မှ ဗီယက်နမ်နိုင်ငံမှ စားသုံး သူများအနေဖြင့် လိုအပ်သောဝန်ဆောင်မှုလုပ်ငန်းများအား အသုံးပြုနိုင်ရန် အခက်အခဲကြုံတွေ့ရ လျက်ရှိကြောင်း၊ စားသုံးသူများ အနေဖြင့် ၎င်းတို့၏အခွင့်အရေးများကို ကာကွယ်နိုင်ရန် အလေးဂရုပြုမှုတိုးမြှင့်ရန် လိုအပ်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ယှဉ်ပြိုင်မှု အာဏာပိုင်အဖွဲ့အစည်းမှ ကျွမ်းကျင်ပညာရှင်ဖြစ်သူ Mr. Phan The Thang မှ  စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပြီး စားသုံးသူများ၏ အသနားခံမှုများကို လျင်မြန်စွာဖြေရှင်းပေးနိုင်ရန်လိုအပ်ပြီး စားသုံးသူ အကာ အကွယ်ပေးရေး ကဏ္ဍအတွက် စီးပွားရေးလုပ်ငန်းများနှင့် တိုင်ပင်ဆွေးနွေးနိုင်သည့် အဖွဲ့အစည်းတစ်ရပ်လည်း ဖွဲ့စည်းဆောင်ရွက်သွားရန်လိုအပ်ကြောင်း ပြောကြားခဲ့ ပါသည်။ ကိုးရီးယားစားသုံးသူ အဖွဲ့အစည်းမှ Choi Yoon Seon က ပြောကြား ရာတွင် ဗီယက်နမ် နိုင်ငံ အနေဖြင့် စားသုံးသူများကို အလေးဂရုပြုနိုင်ရေးအတွက် မူဝါဒတစ်ရပ်ချမှတ်ရန်လိုအပ်မည်ဖြစ်ကြောင်း၊ အဆိုပါမူဝါဒအနက် ထုတ်ကုန်အာမခံပေးမှုနှင့်ပြန်လည်ထိန်းသိမ်းပြင်ဆင်ပေးမှု အစီအစဉ်များ၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ စားသုံးသူ တိုင်တန်း မှု များ ကိုလက်ခံရန်သို့မဟုတ် အငြင်းပွားမှု ဖြေရှင်းရန်ထိရောက်သောနည်းလမ်းများလည်း ပါဝင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ၎င်းမှဆက်လက်၍ ဗီယက်နမ်နိုင်ငံအနေဖြင့် ကိုးရီးယားနိုင်ငံကဲ့သို့ ဈေးကွက်အတွင်း ယှဉ်ပြိုင်မှုများနှင့် စားသုံး သူ အကျိုးကျေး ဇူးများကိုတိုးတက်စေရန် ဗဟိုစားသုံးသူစီမံကွပ်ကဲသည့် စနစ် တစ်ရပ်လည်း ထူထောင်ရန်လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

                                                                မျိုးမျိုးထိုက်၊ စားသုံးသူရေးရာဌာနခွဲ