မုံရွာမြို့ပေါ်ရှိ ဈေးများတွင်ရောင်းချလျက်ရှိသည့် စားသောက်ကုန်များအား စားသုံးသူရေးရာဌာနမှ စစ်ဆေး

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်ရှိ မြသလ္လာဈေး၊ ချင်းတွင်းရတနာဈေး၊ သီရိရတနာဈေးများအတွင်းရှိ ဈေးဆိုင်များ၌ ရောင်းချလျက်ရှိသော စားသောက်ကုန်စည်များတွင် နိုင်ငံပိုင်သတင်းစာ၊ သတင်းဌာနများမှ  ကြေညာထားသော စားသုံးရန်မသင့်သည့် စားသောက်ကုန်များ၊ ဆိုးဆေးများပါဝင်သော စားသောက်ကုန်များ နှင့် အခြား စားသုံးရန် မသင့်လျော်သည့် စားသောက်ကုန်များ ရောင်းနေခြင်းရှိ /မရှိတို့အား စစ်ကိုင်းတိုင်းဒေသကြီး ကူးသန်း ရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွက်ကဲရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စည်ပင်သာယာရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် သက်ဆိုင်ရာဈေးအသီးသီးမှ တာဝန်ရှိ ဝန်ထမ်းများ လိုက်ပါလျက် ၂၀၁၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၀ ရက် နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ မုံရွာနယ် တဝိုက်တွင် ငါးပိ/ငါးခြောက်များ အဓိကဖြန့်ဖြူးရောင်းချသည့် မြသလ္လာဈေးတွင် နံနက် ဝ၉းဝ၀ နာရီတွင် တိုင်းဒေသကြီးဦးစီးမှူး ဦးခမ်လျန်စွမ်း ခေါင်းဆောင်သည့် အဖွဲ့ စတင်စစ်ဆေးခဲ့ရာ ငါးပိ/ ငါးခြောက် စားသောက်ကုန်များအား တားမြစ်ဆေးသုံးစွဲ၍ ရောင်းပန်းလှစေရန်ပြုပြင်ထားခြင်း ရှိ/မရှိ၊ ယင်မနား စေသည့် ဓာတုဗေဒဆေးများ သုံးစွဲခြင်း ရှိ/မရှိ စစ်ဆေးပါသည်။ ငရုတ်သီးမှုန့်၊ အရောင်တင်မှုန့်၊ နနွင်းမှုန့်များ အဓိက ရောင်းဝယ်ဖြန့်ဖြူးသည့် ချင်းတွင်းရတနာ ဈေးကြီးအတွင်းရှိ လက္ကားဆိုင်ကြီးများသို့ သွားရောက် စစ်ဆေးရာတွင် နိုင်ငံပိုင်သတင်းစာများမှ စားသုံးရန်မသင့်ကြေညာထားသည့် ငရုတ်သီး အရောင်တင်မှုန့် များ ရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရသဖြင့် ဆိုင်ပိုင်ရှင်များအား ရောင်းချခြင်း မပြုရန် ကတိခံဝန်ချက် လက်မှတ်များ ရေးထိုးစေခဲ့ပါသည်။ မြသလ္လာဈေး နှင့် ချင်းတွင်းရတနာဈေးကြီးအတွင်းရှိ မုန့်ဆိုင်များတွင် ကြေညာပြီး တားမြစ်ထားသည့် မုန့် အချို့ စစ်ဆေးတွေ့ရှိခဲ့ရပြီး အဓိကအားဖြင့် ဒေသတွင်းမှ ထုတ်လုပ်သည့် မုန့်များသည် အမှတ်တံဆိပ်မပါရှိခြင်း၊ ထုတ်လုပ်သည့် လိပ်စာ၊ ဆက်သွယ်ရန်ဖုန်းနံပါတ်နှင့် သက်တမ်းကုန် ဆုံးရက်မပါရှိခြင်းတို့ကို စစ်ဆေးတွေ့ရှိရသည့်အတွက်  ဈေးဆိုင်ပိုင်ရှင်များအား သတိပေးမှုများ ပြုလုပ်ခဲ့ပြီး ခံဝန်ချက်ကတိလက်မှတ်ရေးထိုးခြင်း များဆောင်ရွက်ခဲ့ပါသည်။ သီရိရတနာဈေး မှ ကုန်စိမ်းနှင့် ငါးပိ/ငါးခြောက်၊ အရောင်တင် မှုန့်များ ရောင်းချနေမှုများအား နေ့လည် ၁၁းဝ၀ ချိန်မှ စတင်စစ်ဆေးခဲ့ပါသည်။ ယခု စစ်ဆေးရာတွင် တိုင်းဒေသကြီးစားသုံးသူအငြင်းပွားမှု ဖြေရှင်းရေး အဖွဲ့၏ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် စားသုံးသူတိုင်ကြားမှုပုံစံများကို လူထုအတွင်း သိရှိနိုင်ရန် သက်ဆိုင်ရာ ဈေးတာဝန်ခံ အသီးသီးသို့ ပေးအပ်ခဲ့ပါသည်။ စစ်ဆေးတွေ့ရှိချက်များအား စစ်ဆေးသည့် အဖွဲ့တွင်ပါဝင်သည့် ဌာနဆိုင်ရာများမှ သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ တင်ပြမည်ဖြစ်သည့်အပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့ နှင့် တိုင်းဒေသကြီး စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေး အဖွဲ့သို့ တင်ပြ၍ လမ်းညွှန်မှုခံယူ ဆောင်ရွက်သွား မည်ဖြစ်ပါသည်။

သိန်းစိုးသစ်