ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ စမ်းချောင်းမြို့နယ်အတွင်းရှိ ကျွန်းတောဈေး၊ ရှမ်းလမ်းဈေး၊ (ယာယီ)ဦးရွှေမှန်ဈေးတို့တွင် စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေးကွင်းဆင်းဆောင်ရွက်ခြင်း

 

  ဈေးရောင်းချသည့် ဈေးသူ/ဈေးသားများအနေဖြင့် ဘေးဥပဒ်အန္တရာယ်ကင်းသော စားသောက်ကုန် ပစ္စည်းများရောင်းချတတ်လာစေရန်နှင့် တစ်ဦးချင်းစားသုံးသူအကာအကွယ်ပေးရေး ဥပဒေပြဌာန်းချက်များကို သိရှိစေရန်ရည်ရွယ်၍ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကူးသန်း ရောင်းဝယ်ရေးနှင့်စားသုံးသူ ရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူနှင့်ဝန်ထမ်းများသည် စမ်းချောင်းမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်အတွင်းရှိ ဈေးတာဝန်ခံများနှင့်ပူးပေါင်း၍ ၂၀၁၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်အတွင်းရှိ ကျွန်းတောဈေး၊ ရှမ်းလမ်းဈေး၊ (ယာယီ)ဦးရွှေမှန်ဈေးများရှိ ဈေးရောင်းချသည့်သူများအား စားသုံးသူ အကာအကွယ်ပေးရေးအကြောင်း သိကောင်းစရာများကို အသိပညာပေးခြင်းနှင့်ဈေး(၃)ဈေးသို့ လှည့်လည်ကြည့်ရှုစစ်ဆေး ပညာပေးခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။ အဖွဲ့သည် ဈေးကော်မတီရုံး၌ စားသောက်ကုန်ပစ္စည်း၊ ဆေးဝါး၊ လူသုံးကုန်၊ အလှကုန်ပစ္စည်း ရောင်းချ သည့်သူများအား ပြည်ထောင်စုလွတ်တော်မှ ၂၀၁၄ခုနှစ်၊ မတ်လ(၁၄)ရက်နေ့တွင် ထုတ်ပြန်ပြီးသည့် စားသုံးသူ အကာအကွယ်ပေးရေးဥပဒေပါအကြောင်းအရာ၊ စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရန်နှင့် စားသုံးသူများ၏ အငြင်းပွားမှုဆိုင်ရာ ကိစ္စများ ဖြေရှင်းနိုင်ရေးအတွက်  စားသုံးသူ အကာအကွယ်ပေးရေးဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ရန်ကုန်တိုင်းဒေသကြီး စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ ဖွဲ့စည်းပြီးသည့်အခြေအနေ၊ ၎င်းအဖွဲ့ အောက်တွင် ကော်မတီနှစ်ရပ်ဖြစ်သည့် စားသုံးသူ တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးလုပ်ငန်းကော်မတီ၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုဆိုင်ရာ လုပ်ငန်းကော်မတီ ဖွဲ့စည်းခဲ့သည့်အခြေအနေ၊ ဥပဒေတွင်ပါရှိသည့် ထုတ်လုပ်ရောင်းချသူ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရ မည့်တာဝန်၊ တားမြစ်ချက်၊ စားသုံးသူများ ရရှိနိုင်မည့်အခွင့်အရေး၊ တာဝန်များ ပြဋ္ဌာန်းထားသည့်အခြေအနေ၊ ဈေးရောင်းချသည့် ဈေးသူ/ဈေးသားများအနေဖြင့် ဥပဒေတွင်ပါရှိသည့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်၊ တားမြစ်ချက်များနှင့်အညီ မိမိတို့ရောင်းချသည့် ကုန်ပစ္စည်းများသည် စားသုံးသူများအတွက် ဘေးဥပဒ် အန္တရာယ်ကင်းရှင်းပြီး သတ်မှတ်စံချိန်စံညွှန်း များနှင့် ကိုက်ညီရန် လိုအပ်သကဲ့သို့ မိမိတို့ကိုယ်တိုင် ကုန်ပစ္စည်း များကို ဝယ်ယူအသုံးပြုရာတွင်လည်း စားသုံးသူအနေဖြင့် စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များကို သိထားရန်လိုအပ်ကြောင်းတို့ကို အသေးစိတ် ရှင်းလင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ တာဝန်ရှိသူများသည်  ကျွန်းတောဈေး၊ ရှမ်းလမ်းဈေး၊ (ယာယီ)ဦးရွှေမှန်ဈေး များအတွင်းရှိ စားသောက်ကုန်၊ ဆေးမျိုးစုံ၊ အလှကုန်၊ လူသုံးကုန်၊ ငါးပိ၊ ငါးခြောက်၊ ငါးပိစိမ်းစား၊  စားသုံးဆီ၊ ငရုတ်သီးမှုန့်မျိုးစုံရောင်းချလျက်ရှိသည့်ဆိုင်များသို့လှည့်လည်ကြည့်ရှုပြီး ကုန်ပစ္စည်းများတွင် ဆက်သွယ်ရန် လိပ်စာ၊ ထုတ်လုပ်/ကုန်ဆုံးရက်စွဲ၊ အမှတ်တံဆိပ်၊ ပါဝင်ပစ္စည်းများပါရှိသည့် ကုန်ပစ္စည်းများကို ရွေးချယ်၍ ရောင်းချရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ စားသုံးရန်နှင့် သုံးစွဲရန် မသင့်ဟု ထုတ်ပြန်ကြေငြာ ထားသည့် အစားအစာ၊ ဆေးဝါး၊ အလှကုန် ပစ္စည်းများ ရောင်းချခြင်းမပြုရန်၊ သက်တမ်းကုန်ဆုံးနေ့သည်ကုန်ပစ္စည်းများ ရောင်းချခြင်း မပြုရန်၊ ကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးဥပဒ်အန္တရာယ်ဖြစ်စေမည့် ပစ္စည်းများ မရောင်းချရန် တို့ကို ပညာပေးဆွေးနွေးမှုများ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သက်ဆိုင်ရာဌာန ဆိုင်ရာများ၊ မြန်မာနိုင်ငံ စားသုံးသူ ကြိုတင်ကာကွယ်ရေး အသင်းတို့နှင့်ပူးပေါင်း၍  ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များတွင် စားသုံးသူ အကာအကွယ်ပေးရေး အသိပညာပေး လုပ်ငန်းများကို စားသုံးသူပြည်သူအားလုံး သိရှိစေရန် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိပါသည်။ ယနေ့တွင်ကွင်းဆင်းဆောင်ရွက်ခဲ့သည့် စမ်းချောင်းမြို့နယ်အတွင်းရှိ ကျွန်းတောဈေးတွင် ဆိုင်ခန်းပေါင်း ၂၂၉ ခန်း၊ ရှမ်းလမ်းဈေးတွင်ဆိုင်ခန်းပေါင်း ၃၁၈ ခန်း၊ (ယာယီ)ဦးရွှေမှန်ဈေးတွင် ဆိုင်ခန်းပေါင်း ၁၀၈ ခန်းနှင့် တွဲလျက်ဝင်းအတွင်းရှိ အခွန်လွတ်ဈေးတွင်ဆိုင်ခန်းပေါင်း ၁၀၂ ခန်းတို့ဖြင့် နေ့စဉ်ကုန်ပစ္စည်းများ ရောင်းချလျက်ရှိ ကြောင်း သတင်းရရှိပါသည်။  

                                                                                           

                                                                မိုးမိုးကြည်( စားသုံးသူ )ရန်ကုန်