ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးရုံးတွင် စားသုံးသူအကာအကွယ်ပေးရေးအကြောင်း သိကောင်းစရာများ ဟောပြောဆွေးနွေး

 

          စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းစွာဖြင့် အစားအသောက် များနှင့်လူသုံးကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲနိုင်ရန်အတွက် စားသုံးသူအကာအကွယ်ပေးရေးဥပဒေတွင် ပါရှိသည့် စားသုံးသူဆိုသည့်အဓိပ္ပာယ်၊ စားသုံးသူ၏ အခွင့်အရေး၊ တာဝန်များနှင့် စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်သည့် အသိပညာများ အဆက်မပြတ်ရရှိစေရန် ရည်ရွယ်ချက်ဖြင့် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူနှင့် ဝန်ထမ်းများသည်  ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ၂၀၁၅ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၆ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ၊ ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး ခန်းမ၌ စားသုံးသူအကာအကွယ်ပေးရေးအကြောင်း သိကောင်းစရာများ ဟောပြောဆွေးနွေးပွဲ ကျင်းပခဲ့ပါ သည်။  ဟောပြောဆွေးနွေးပွဲတွင် ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမြဝင်းမှ လူတို့အသက်ရှင်  နေထိုင်နိုင်ရန် တစ်နေ့တာလုံး အာဟာရပြည့်ဝအောင် စားသုံးနေကြရပါကြောင်း၊ စားသုံးသူအကာအကွယ်  ပေးရေးဥပဒေပေါ်ထွက်လာပြီး ဌာနဆိုင်ရာများမှ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း၊ စားသုံးသူအကာ အကွယ်ပေးရေး လုပ်ဆောင်နေမှုများကို သိရှိခြင်းဖြင့် မိမိကိုယ်တိုင်လိုက်နာရမည့်အချက်များ သိရှိနိုင်ခြင်း၊ အစားအသောက်များကို ရွေးချယ်စားသောက်တတ်ခြင်း၊ ဆောင်ရန်/ရှောင်ရန်များကိုသိရှိရသဖြင့် ရောင်းသူ ဝယ်သူအချင်းချင်း အပြန်အလှန်ဗဟုသုတများဖလှယ်နိုင်ခြင်း၊   မိသားစုဆွေမျိုးများမှတစ်ဆင့် ပတ်ဝန်းကျင်ကို လည်း ထပ်ဆင့်ဖြန့်ဝေပေးခြင်းဖြင့် ဥပဒေကိုလိုက်နာရာရောက်ပြီး သက်တမ်းရှည်ဘဝကို လျှောက်လှမ်းနိုင်မှာ ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းသိန်းမှလည်း နိုင်ငံတော်မှ စားသုံးသူအကာအကွယ် ပေးရေး ဥပဒေပြဌာန်းပြီးဖြစ်၍ နည်းဥပဒေရေးဆွဲနေသည့်အခြေအနေ၊ စားသုံးသူအကာအကွယ်ပေးရေး ဗဟို ကော်မတီဖွဲ့စည်းခဲ့သည့်အခြေအနေ၊ ဗဟိုကော်မတီ၏လမ်းညွှန်ချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီး စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ ဖွဲ့စည်းခဲ့သည့်အခြေအနေ၊ အဆိုပါအဖွဲ့အောက်တွင် လုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်ရန် စားသုံးသူတိုင်ကြားမှု လက်ခံဆောင်ရွက်ရေးလုပ်ငန်းကော်မတီနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုဆိုင်ရာ လုပ်ငန်းကော်မတီနှစ်ရပ်ဖွဲ့စည်းထားမှုအခြေအနေ၊ စားသုံးသူအကာအကွယ်ပေးရေး ဥပဒေ၏ ရည်ရွယ်ချက်များကို အကောင်အထည်ဖေါ်ဆောင်ရွက်နေမှုအခြေအနေ၊ ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုများနှင့်ပတ်သက်၍ လိမ်လည်လှည့်ဖြားပြီး အရောင်းမြှင့်တင်ခြင်း၊ ကြေညာခြင်းတို့အတွက် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရန်တာဝန်၊ တားမြစ်ချက်များအကြောင်း၊ စားသုံးသူပြည်သူများအား ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများနှင့်ပတ်သက်၍ ရွေးချယ်ဝယ်ယူသုံးစွဲနိုင်ရန် စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များအကြောင်းနှင့် ဥပဒေပါအကြောင်းအရာများအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန်ကြီးဒေါက်တာခင်မောင်တင်မှ စားသုံးသူများအနေဖြင့် ပိုက်ဆံပေး၍ ရောဂါဝယ်ယူခြင်းများမဖြစ်စေရန် ကျန်းမာရေးနှင့်ပတ်သက်သည့် ဗဟုသုတများ၊ ပိုးသတ်ဆေး အသုံးပြုထားသည့် အသီးအရွက်များ၊ ပြည့်ဝဆီများ၊ အရောင်ဆိုးဆေးအသုံးပြုထားသော အစားအသောက် များ၊ အသားတု၊ အချိုရည်၊ ပလတ်စတစ်အိတ်ဖြင့် ထုတ်ပိုးထားသော အစားအသောက်များ၊ ကြက်သားမှုန့် ကွမ်းယာများ စားသုံးခြင်းဖြင့်ဖြစ်ပေါ်နိုင်သည့် ရောဂါများအကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ကြေညာထားသည့် စားသုံးရန်မသင့်သော စားသောက်ကုန်၊ ဆေးဝါးများ၊ ရက်လွန်အစားအစာများ စားသုံး ခြင်း၊ ရောင်းချခြင်းတို့မှ ရှောင်ရန်တို့ကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါသည်။  ဟောပြောဆွေးနွေးပွဲသို့ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ အရာထမ်း/အမှုထမ်းများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဆရာဝန်ကြီးဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ အခြေခံ ပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ဈေးတာဝန်ခံနှင့်ဈေးရောင်းချသူများ၊ ရပ်ကွက်/ကျေး ရွာများမှ အုပ်ချုပ်ရေးမှူးများ၊ စုစုပေါင်း ၁၄၀ ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

                                                                ချောဥမ္မာနိုင်( စားသုံးသူ )ရန်ကုန်