ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ မင်္ဂလာဒုံမြို့နယ် မင်္ဂလာဒုံဈေးတွင် စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေးကွင်းဆင်းဆောင်ရွက်ခြင်း

 

  စားသုံးသူ အကာအကွယ်ပေးရေးလုပ်ငန်းများကို တစ်ဦးတစ်ယောက်တည်း၊ အဖွဲ့အစည်း တစ်ခုတည်း ဆောင်ရွက်၍ အောင်မြင်မှုမရရှိနိုင်ပါ၊ ပြည်သူအားလုံး လက်တွဲညီညီ ပူးပေါင်းပါဝင် ဆောင်ရွက်မှသာ မြန်မြန် ဆန်ဆန် ထိထိရောက်ရောက် အောင်မြင်မည်ဖြစ်ပါသည်။ စားသုံးသူ ပြည်သူများ စားသုံးသူ အကာအကွယ် ပေးရေး ဥပဒေကို သိရှိနားလည်စေရန်နှင့် ကုန်စည်ဝန်ဆောင်မှု များနှင့် ပတ်သက်၍ ဥပဒေ၏ အကာအကွယ် ပေးမှုများကို ခံစားရရှိစေရန်၊ အရည်အသွေးမမီသော စားသောက် ကုန်များကြောင့် စားသုံးသူပြည်သူများ ဘေးဥပဒ်အန္တရာယ် မဖြစ်စေရန်ရည်ရွယ်၍ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီး ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းသိန်းနှင့်အဖွဲ့သည် ၂၀၁၅ ခုနှစ်၊  ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ တွင် မင်္ဂလာဒုံမြို့နယ် မင်္ဂလာဒုံဈေး တာဝန်ခံနှင့်တာဝန်ရှိသူများ ပူးပေါင်း၍ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် မင်္ဂလာဒုံဈေးရှိ  ဈေးရောင်းချသည့်သူများအား  ဈေးကော်မတီရုံးတွင် တွေ့ဆုံ၍ စားသုံးသူ အကာအကွယ်ပေးရေးအကြောင်း သိကောင်းစရာများကို အသိပညာပေးခြင်းနှင့်  ဈေးအတွင်းလှည့်လည်ကြည့်ရှု စစ်ဆေးပညာပေးခြင်း များကို ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။ အဖွဲ့သည် ဈေးကော်မတီရုံး၌ ဈေးမိဈေးဖများ၊ ဈေးရုံကိုယ်စားလှယ်များ၊ စားသောက်ကုန်ပစ္စည်း၊ ဆေးဝါး၊ လူသုံးကုန်၊ အလှကုန်ပစ္စည်းရောင်းချသည့်သူများအား ဥပဒေတွင် စားသုံးသူပြည်သူများ၊ ရောင်းချသူ စီးပွားရေးလုပ်ငန်းရှင်များအတွက် အခွင့်အရေး၊ တာဝန်နှင့် တားမြစ်ချက်များပါရှိသော စားသုံးသူအကာ အကွယ်ပေးရေးဥပဒေပြဌာန်းထားသည့်အခြေအနေ၊ စားသုံးသူ၊ ထုတ်လုပ်သူနှင့်  ရောင်းချဖြန့်ဖြူးသူများအား စားသုံးသူအကာအကွယ်ပေးရေးနှင့် စပ်လျဉ်းသော အသိပညာဗဟုသုတ များကို ပြည်သူများသိရှိ လိုက်နာနိုင်ရန် ဆောင်ရွက်နေမှုအခြေအနေ၊ စားသုံးသူ အငြင်းပွားမှုဖြေရှင်း ရေးအဖွဲ့၏ လုပ်ငန်းများအကောင်အထည်ဖေါ် ဆောင်ရွက်ရန် ကော်မတီနှစ်ရပ်ဖွဲ့စည်းပြီးစီးမှု အခြေအနေ၊ စားသုံးသူများမှ အမှန်တကယ်နစ်နာ ဆုံးရှုံးမှုများ ပေါ်ပေါက်လာ၍ တိုင်ကြားလာပါက၊ ရောင်းချသူစီးပွားရေးလုပ်ငန်းရှင်များမှ တာဝန်ယူဖြေရှင်းခြင်းတို့ ဆောင်ရွက်ရမည်ဖြစ်၍ စီးပွားရေး လုပ်ငန်းရှင်၏ ကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ လိုက်နာဆောင်ရွက်ရန်နှင့် ဥပဒေပါသိသင့် သိထိုက် သည်များကို အသေးစိတ်ရှင်းလင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဈေးအတွင်းရှိ စားသောက်ကုန်၊ ဆေးမျိုးစုံ၊ အလှကုန်၊ လူသုံးကုန်၊ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်ရောင်းချလျက်ရှိသည့်ဆိုင်များသို့ လှည့်လည်ကြည့်ရှုပြီး  တရားဝင်မှတ်ပုံ တင်ထားခြင်းမရှိ သောကုန် ပစ္စည်းများ၊ ရက်လွန်နေသော အစားအသောက်၊ အလှကုန်နှင့်ဆေးဝါးများရောင်းချခြင်း မပြုရန်၊ အာမခံချက်ရှိ သည့်ကုန်ပစ္စည်းများ၊ ဘေးဥပဒ်အန္တရာယ်ကင်းသည့် ကုန်ပစ္စည်းများသာ ရောင်းချရန်တို့ကို စည်းရုံးပညာ ပေးဆွေးနွေးမှုများဆောင်ရွက်ခဲ့ပါသည်။အဆိုပါဈေးတွင် စစ်အသုံး အဆောင်ပစ္စည်းများရောင်းချနေသော ဆိုင်ခန်းများ၊ စားသောက်ကုန်၊ လူသုံးကုန်၊ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်၊ အလှကုန်၊ ဆေးဝါးနှင့် ကုန်ပစ္စည်းမျိုးစုံ ရောင်းချသည့် လေဟာပြင်ဈေးဆိုင်ခန်းများ စုစုပေါင်း(၁၄၀ဝ) ခန့်ရှိ ကြောင်းသိရှိရပါသည်။

 

                                                                        စန္ဒာ ( စားသုံးသူ )ရန်ကုန်