စားသုံးသူပြည်သူများ၏ နစ်နာမှုများနှင့် တိုင်ကြားမှုများအကြောင်း

 

          ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဦးစီးမှူး ဦးခမ်လျန်စွမ်းနှင့် ဝန်ထမ်းများသည် ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ရွှေဘိုခရိုင်၊ ဝက်လက်မြို့၊ စည်ပင်သာယာဈေး ကော်မတီရုံးခန်း၌ စားသုံးသူအကာအကွယ်ပေးရေး ပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ် ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲ အခမ်းအနားသို့ ဈေးကော်မတီဥက္ကဋ္ဌ ဦးမြင့်သိန်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ ဈေးသူ/ဈေးသားများ၊ စည်ပင်သာယာဝန်ထမ်းများ အပါအဝင် စုစုပေါင်း ၅၀ ဦး တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် တိုင်းဒေသကြီးဦးစီးမှူးက စားသုံးသူရေးရာဌာနအနေဖြင့် စားသုံးသူအကာအကွယ် ပေးရေး ပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျှက်ရှိပြီး စားသုံးသူအကာအကွယ်ပေးရေး ဥပဒေကိုလည်း ၂၀၁၄ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းခဲ့ပြီး ဥပဒေတွင် အခန်းပေါင်း ၁၂ခန်းဖြင့် ပုဒ်မ ၃၁ ခုပါရှိကြောင်းနှင့် ဈေးသူဈေးသားများ သိရှိနားလည်နိုင်ရန် ဥပဒေပါ အခန်း ၁၁၊ ပုဒ်မ ၂၃ နှင့် ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၅သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်ကြောင်း၊ စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေပုဒ်မ ၁၆အရ စားသုံးသူအကာအကွယ်ပေးရေး လုပ်ငန်းများ စနစ်တကျဆောင် ရွက်နိုင်ရန်နှင့် စားသုံးသူများ၏ အငြင်းပွားမှုဆိုင်ရာ ကိစ္စများ ဖြေရှင်းနိုင်ရေးအတွက် စားသုံးသူအကာအကွယ် ပေးရေး ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေး အဖွဲ့များ ဖွဲ့စီးပြီးဖြစ်ပါကြောင်း၊ ဆက်လက်၍လည်း ခရိုင်၊ မြို့နယ်အဆင့် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေး အဖွဲ့များ ဖွဲ့စည်းသွားမည်ဖြစ်ပြီး ၎င်းစားသုံးသူအငြင်း ပွားမှုဖြေရှင်းရေးအဖွဲ့ အောက်တွင် စားသုံးသူတိုင်ကြားမှု လက်ခံဆောင်ရွက်ရေးကော်မတီနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုဆိုင်ရာ လုပ်ငန်းကော်မတီဟူသော ကော်မတီနှစ်ရပ် ရှိပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းဦးစီးမှူးမှ စားသောက်ကုန်များနှင့်ပတ်သက်၍ ဥပမာပေးဆွေးနွေးရာတွင် ငှက်ပျောသီး ဝယ်ယူမည်ဆိုပါက ဝယ်ယူသူက အမှည့်လိုချင်လျှင် ဆိုင်ရှင်က လိုချင်သည့်ရက် မှည့်အောင် ဆေးဖြင့်ပြုလုပ်ပေးခြင်းများ ရှိပါကြောင်း၊ ၎င်းဆေးသည် စားသုံးသူများကို အန္တရာယ်ဖြစ်စေနိုင်သည့်အတွက် အသုံးမပြုသင့်ကြောင်း၊ ငါးပိငါးခြောက်ဆိုင်ပိုင်ရှင် တစ်ဦး၏ ပြောကြားချက်အရ ငါးပိကို စားသုံးသူများအကြိုက် အရောင်လှစေရန် အရောင်ဆိုးဆေးများ အသုံးပြုပြီး ရောင်းချရာ အကျိုးအမြတ်များစွာ ရရှိသော်လည်း မိမိမှ စားသုံးသူနစ်နာမှုများကို သိရှိလာပြီး အရောင်းဆိုးဆေးများ အသုံးမပြုဘဲ ရောင်းချရာ မိမိဆိုင်မှာ အရောင်းအဝယ်မဖြစ်ဘဲ ဆိုးဆေးများအသုံးပြုပြီး ရောင်းချသော အခြားဆိုင်များက အရောင်းအဝယ် ဖြစ်ကြောင်း၊အရောင်းဆိုးဆေး အသုံးပြုပြီး ရောင်းချခြင်းသည် စားသုံးသူ၏ လိုအပ်ချက်အရဖြစ်ပြီး မိမိအတွက် အကျိုးအမြတ်ရရှိသော်လည်း စားသုံးသူနစ်နာမှုရှိသည့်အတွက် မပြုလုပ်သင့်ကြောင်း၊ ဈေးသူဈေးသား တစ်ဦးခြင်း လိုက်နာမှသာ တစ်ဈေးလုံးအန္တရာယ်ကင်းသော စားသောက်ကုန်များ ဖြစ်လာမှာဖြစ်ကြောင်း၊ သံသယရှိသော စားသောက်ကုန်များ တွေ့ရှိပါက နမူနာပေးပို့ပြီး FDA တွင် စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း၊ စားသုံးသူ အငြင်းပွားမှု ပြဿနာ ဖြစ်ပေါ်လာပါကလည်း စားသုံးသူတိုင်ကြားမှု ပုံစံများဖြင့် စနစ်တကျ တိုင်ရမည် ဖြစ်ကြောင်း၊ စားသုံးသူတိုင်ကြားမှုပုံစံကိုလည်း dccasagaing facebook တွင် တင်ထားပါကြောင်း၊ ဆက်လက်၍လည်း လူစည်ကားရာ ရုံးများ၊ ကျောင်းများ၊ ဈေးများတွင်လည်း ဖြန့်ဝေသွားမည်ဖြစ်ကြောင်း အကျယ်တဝင့် ဆွေးနွေးပြောကြားသွားပါသည်။

                                                                                                                                                      နှင်းနှင်းခိုင် (မုံရွာ)၊