စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဌာနဝန်ထမ်းများအား ကွန်ပျူတာအခြေခံနှင့် ရုံးစာရေးသားနည်းသင်တန်းဖွင့်လှစ်ပို့ချ

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများ အတွက်  ဇန်နဝါရီလ  ၈  ရက်မှစတင်၍ ကွန်ပျူတာအခြေခံသင်တန်းဖွင့်လှစ်ပို့ချခဲ့ပါသည်။

  အဆိုပါ  ကွန်ပျူတာအခြေခံသင်တန်းအား မြန်မာနိုင်ငံကွန်ပျူတာပညာရှင်များအသင်းမှ ထုတ်ဝေခဲ့သော လက်စွဲစာအုပ်များကို အခြေခံ၍ ဦးစီးအရာရှိ ဦးသိန်းစိုးက ရုံးချိန်ပြင်ပ သင်ကြားပို့ချခြင်းဖြစ်ပါသည်။ အခြေခံကွန်ပျူတာသင်တန်းသင်ကြားနေစဉ်အတွင်း ကွန်ပျူတာနှင့်အတူပူးတွဲဆက်စပ်လုပ်ကိုင်သော ပညာရပ်များဖြစ်သည့် Scanner ဖတ်ခြင်း၊ Camera နှင့် ဆက်စပ်ပစ္စည်းများမှ Data Transfer ပြုလုပ်ခြင်း၊ E-Mail အပို့အယူကိစ္စ ရပ်များကိုပါ ပူးတွဲသင်ကြားသွားခဲ့ပါသည်။

  သင်တန်းကာလသတ်မှတ်ထားသော်လည်း ဝန်ထမ်းများအခြေခံမှစ၍ ကျွမ်းကျင်တတ်မြောက်စေရန်ရည်ရွယ်လျက် စနစ်တကျအသေးစိတ်သင်ကြားပို့ချသွားမည်ဖြစ်ပါသည်။

  ကွန်ပျူတာဖြင့် စာစီစာရိုက်သင်ခန်းစာဖြစ်သည့် Microsoft Word သင်ခန်းစာစတင်သင်ကြားသည့် ဇန်နဝါရီလ ၃၀ ရက်မှစတင်၍ ရုံးစာရေးသားနည်းသင်တန်းကိုပါ ပူးတွဲ ပို့ချလျက်ရှိပါသည်။ ရုံးစာရေးသားနည်းအား ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ၂၀၁၁ ခုနှစ်၊ ဇူလိုင်လတွင်ထုတ်ဝေခဲ့သည့် ရုံးလုပ်ငန်းလက်စွဲစာအုပ်ဖြင့် သင်ကြားသွားမည်ဖြစ်ပြီး ရုံးစာရေးသားနည်းသင်တန်းဖွင့်လှစ်သဖြင့် ကွန်ပျူတာသင်တန်းတက်ရောက်သူများသာမက ကျန်ရုံးဝန်ထမ်းများပါတက်ရောက်ကြသဖြင့် စုစုပေါင်းသင်တန်းသားဦးရေ ၁၉ ဦး တက်ရောက်ကြောင်းသတင်းရရှိသည်။

နှင်းနှင်းခိုင် (မုံရွာ)